ဆိုင်ကလုန်းမုန်တိုင်း

May 4, 2019

ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်တွင် ပြေးဆွဲနေသည့် ရေယာဉ်အချို့ ရပ်နားထား

ဆိုင်ကလုန်းမုန်တိုင်း ဖန်နီရဲ့ အရှိန်ကြောင့် ရာသီဥတု အခြေအနေဆိုးရွားနေတာကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ ပြေးဆွဲနေတဲ့ အစိုးရရေကြောင်းလိုင်း ဂစ္ဆပနီအမြန်ယာဉ်အပါအဝင် ရေယာဉ်အချို့ကို ရပ်နားဖို့ ညွှန်ကြားထားတယ်လို့ ရခိုင်ပြည်နယ် ရေကြောင်းပို့ဆောင်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။ ရာသီဥတု စတင်ဆိုးရွားမှုဖြစ်တဲ့ မေလ ၃ ရက်နေ့ကစပြီး မေလ ၇ ရက်နေ့လောက်အထိ ခရီးစဉ်တွေ ရပ်နားထားဖွယ်ရှိကြောင်း ရေကြောင်းပို့ဆောင်ရေး ဦးစီးဌာန ရခိုင်ပြည်နယ် ဦးစီးမှူး ဦးထင်ကျော်က ဒီဗွီဘီကိုပြောပါတယ်။ ဦးထင်ကျော်က “လောလောစဉ်မှာ ရာသီဥတုက မိုးရွာလိုက်၊ လေတိုက်လိုက် ဖြစ်နေတာ။ ကျနော်တို့ တရင်းသိရတာက အမြန်ယာဉ်တို့ ဘာတို့ ခရီးစဉ်တွေရပ်ထားတာက ဒီနေ့နဲ့ မနက်ဖြန်လောက်ရာသီ ဥတုဆိုးနေတော့ ရပ်ထားတယ်။ တနင်္လာ၊ အင်္ဂါလောက် ရာသီဥတုကောင်းရင်တော့ ထွက်ဖြစ်မယ်ထင်ပါတယ်” လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ အစိုးရ အမြန်ရေယာဉ် ကစ္ဆပနဒီ၊ ပုဂ္ဂလိက ယာဉ်လိုင်းတွေဖြစ်တဲ့ ရွှေပြည်တန်၊ မလိခနဲ့ ရွှေနဒီစတဲ့ သင်္ဘောတွေ ပြေးဆွဲနေတာပါ။ အခုလို ရာသီဥတု ဆိုးရွားနေတာကြောင့် ရွှေပြည်တန်အမြန်ရေယာဉ်အနေနဲ့လည်း ပေါက်တောနဲ့ မြောက်ဦးတို့လို စစ်တွေနဲ့ မဝေးတဲ့ ခရီးစဉ်တွေကို ပြေးဆွဲနေပေမယ့် တောင်ကုတ်နဲ့ ကျောက်ဖြူတို့လို ဝေးလံတဲ့ ခရီးစဉ်တွေကို ရပ်နားထားရတယ်လို့ ဆိုပါတယ်။ ရွှေပြည်တန် အမြန်ရေယာဉ်မန်နေဂျာ ဦးစံမော်သိန်းက “အဓိကကတော့ အခုလိုမျိုးရာသီဥတုမကောင်းလို့ ခရီးစဉ်မပြေဆွဲတာကတော့ ဒီအပေါ်မှာ ခရီးသည်တွေအနေနဲ့ နားလည်ပေးကြပါ။ ဘာပဲပြောပြော ဒါဟာလုံခြုံမှုရှိအောင် အန္တရာယ်မဖြစ်အောင် ရပ်နားထားတဲ့ သဘောပါ။ ရာသီဥတုဆိုတာ ပြုပြင်လို့ မရတဲ့အတွက် ကြောင့် ကိုယ်ကပဲ ရှောင်တိမ်းရမှာ ဖြစ်တဲ့အတွက်ကြောင့် နားလည်ပေးကြပါလို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။ ခရီးစဉ်တွေ ရပ်နားထားရတာကြောင့် ခရီးသည်တွေတင် မကဘဲ အမြန်ယာဉ်ပြေးဆွဲနေသူတွေအဖို့လည်း နစ်နာတယ်လို့ ဆိုပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း ဖန်နီရဲ့ အခြေအနေဟာ အိန္ဒိယနိုင်ငံနဲ့ အနောက်င်္ဘလား ပြည်နယ်တွေကို ဝင်ရောက်ခဲ့ပြီး နောက်ထပ်ဖြစ်ပေါ်လာနိုင်ခြေရှိ ကြောင်း ကြေညာထားပါတယ်။ အဲဒီအခြေအနေကြောင့် ရခိုင်ကမ်းရိုးတန်းဒေသအပါအဝင် မြန်မာနိုင်ငံထဲက ဒေသတချို့မှာ မိုးကြီးမှု၊ လှိုင်းကြီးမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလဌာနက သတိပေးထားပါတယ်။
2 years Ago

ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ရေကြီးမြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ဟု မိုးဇလ သတိပေး

အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း ဖန်နီရဲ့ အရှိန်ကြောင့် လေပြင်းတိုက်ခတ်တာ၊ မိုးကြီးတာ၊ ရုတ်တရက်ရေကြီးတာတွေနဲ့ မြေပြိုတာတွေ ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြုကြဖို့ မိုးဇလက သတိပေးထားပါတယ်။ ဒီနေ့မနက် ၇ နာရီခွဲ တိုင်းထွာချက်တွေအရ အိန္ဒိယနိုင်ငံ၊ ဩရိဿ ကမ်းရိုးတန်းပေါ် တည်ရှိနေတဲ့ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း ဖန်နီ FANI ဟာ မြောက်-အရှေ့မြောက်ဘက်ကနေ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကို ရောက်ရှိခဲ့ပြီး ဘလာဆောမြို့ရဲ့ မြောက်-အရှေ့မြောက်ဘက် မိုင် ၈၀ လောက်၊ ကိုးလ်ကတ္တားမြို့ရဲ့ အနောက်ဘက် ၂၅ မိုင်လောက်အကွာမှာ ဆက်လက်တည်ရှိနေပါတယ်။ အဲဒီ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း ဖန်နီဟာ မြောက်-အရှေ့မြောက်ဘက်ကို ဆက်လက်ရွေ့လျားနေပြီး နောက် ၆ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း ဖန်နီအဖြစ် အားလျော့သွားကာ နောက် ၁၂ နာရီအတွင်း မြောက်-အရှေ့မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း ဖန်နီရဲ့အရှိန်ကြောင့် ဧပြီ ၄ ရက်ကနေ ၅ ရက်နေ့အတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင် ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်း၊ ရခိုင်နဲ့ ကယားပြည်နယ်တို့မှာ နေရာကွက်ကျားကနေ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး တချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်း တွေကျရောက်ပြီး လှိုင်းကြီးမယ်၊ ရေပြင်/မြေပြင်လေဟာ တနာရီ မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၁၀ ပေမှ ၁၃ ပေလောက် ရှိနိုင်ပါတယ်။ အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ" (FANI) ရဲ့ အရှိန်ကြောင့် လေပြင်း တိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနဲ့ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်ကြသူတွေ ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုကြဖို့ သတိပေးထားပါတယ်။ ဒါ့အပြင် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေကိုလည်း ကြိုတင်သတိပြုကြဖို့ မိုးဇလက အကြံပြုထားပါတယ်။
2 years Ago

May 3, 2019

ဆိုင်ကလုန်းမုန်တိုင်း ဖန်နီ သြရိဿကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နေ

အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း ဖန်နီဟာ အိန္ဒိယနိုင်ငံ သြရိဿ ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နေပြီလို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။ ဒီမနက် ၁၁နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အနောက် မြောက်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဖန်နီဟာ အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းခြေကို ပူရီမြို့ (Puri) အနီးကနေ စတင်ဖြတ်ကျော်နေပြီလို့ ဆိုပါတယ်။ မုန်တိုင်း ဖန်နီဟာ နောက် ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကို ဆက်လက်ရွေ့လျားပြီး အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် တဖြည်းဖြည်း အားလျော့ကာ မြောက်-အရှေ့မြောက်ဘက်ကို ဆက်လက်ရွေ့လျားမယ်လို့ ခန့်မှန်းထားပါတယ်။ မုန်တိုင်းအရှိန်ကြောင့် မေ ၃ ကနေ ၅ ရက်အတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင် ပြည်နယ်နဲ့ မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်း များကျရောက်ပြီး၊ လှိုင်းကြီးမယ်၊ တနာရီ မိုင် ၄၀ ကနေ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၁၀ ပေမှ ၁၃ ပေလောက် ရှိနိုင်ပါတယ်။ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဖန်နီရဲ့အရှိန်ကြောင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်တွေ၊ သင်္ဘောတွေကို ကြိုတင်သတိပြုဖို့ မိုးဇလက အကြံပြုထားပါတယ်။
2 years Ago
More News
Up