ဆိုက်ကားဆရာ

October 29, 2020

ကျုံပျော် ဆိုက်ကားဆရာ ၂၀၀ ကျော်နှင့် ဒေသခံများကို အခြေခံစားသုံးကုန်များ ထောက်ပံ့

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့၊ တေဇရပ်ကွက်မှာ အောက်တိုဘာလ ၂၈ ရက်နေ့ က ကိုဗစ်-၁၉ ကာလ စား၀တ်နေရေးအခက်အခဲဖြစ်နေတဲ့ ဆိုက်ကားဆရာ ၂၀၀ နဲ့ ရပ်ကွက်အတွင်းက လူတွေကို အလှူရှင်တဦးက အခြေခံစားသုံးကုန်တွေ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့  သိရပါတယ်။ ကိုဗစ်ကာလမှာ အစိုးရက အခြေခံလူတန်းစားတွေကို စားသုံးကုန်တွေ ထောက်ပံ့ပေးတာတွေ ရှိပေမဲ့ ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်နိုင်ဖို့ တားမြစ်ကန့်သတ်ထားတဲ့ကာလမှာ စား၀တ်နေရေး အဆင်မပြေတဲ့သူတွေ များလာလို့ တက်နိုင်သလောက် ကူညီထောက်ပံ့ပေးတာလို့ အလှူရှင် ဒေါ်တင့်တင့်ဝေက ပြောပါတယ်။ "အဓိက မြို့ပေါ်မှာရှိတဲ့ ဆိုက်ကားဆရာတွေကို စာရင်းယူပြီး ဆန်တွေ၊ ဆီတွေနဲ့ စားသုံးကုန် တွေ လှူဒါန်းပေးတာ။ တက်နိုင်သလောက် ပိုနေသေးတော့ ရပ်ကွက်ထဲက မိသားစု၀င်တွေကိုပါ လှူဒါန်းဖြစ်ခဲ့တယ်၊ အမျိုးသားရဲ့ မွေးနေ့အတွက် ခုလိုလှူပေးဖြစ်တာပါ။" ကျုံပျော်မြို့ပေါ်မှာရှိတဲ့ ဆိုက်ကားဆရာ ၂၀၀ ကျော်နဲ့  စား၀တ်နေရေးအခက်အခဲဖြစ်နေတဲ့ ဒေသခံ ၃၀ အတွက် ၁ ဦးကို ဆန် ၂ ပြည်၊ ဆီ ၅၀ သား၊ ကြက်သွန်နီ ၅၀ သား၊ အချိုမှုန့် ၁ ထုပ်နဲ့ ဆား ၁ ထုပ်စီ လှူဒါန်းပေးခဲ့တယ်လို့ ဆိုပါတယ်။ ကိုဗစ်ကာလ လူစုလူဝေးမပြုလုပ်ဖို့ ညွှန်ကြားချက်တွေရှိတာကြောင့် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာတွေကို အကြောင်းကြားပြီး ပြုလုပ်ခဲ့ရာက အလှူပြုလုပ်တဲ့နေမှာတော့ ရဲတပ်ဖွဲ့က လုံခြုံရေးလာယူပေးပြီး တချို့၀န်ထမ်းတွေက လာရောက်ကူညီပေးတယ်လို့ သိရပါတယ်။ စား၀တ်နေရေးအခက်အခဲဖြစ်နေတဲ့ ဆိုက်ကားဆရာတွေနဲ့ ဒေသခံပြည်သူတွေကို ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း ခုလို လှူဒါန်းပေးခဲ့ပြီး နောက်ထပ်လည်း လှူဒါန်းသွားဖို့ ရှိတယ်လို့ အလှူရှင်က ဆိုပါတယ်။ မင်းထက်မုန်း (ပုသိမ်)
7 months Ago

October 12, 2020

လပွတ္တာတွင် ဆိုက်ကားဆရာ ၆၅၀ အတွက် မြို့ခံများစုပေါင်းပြီး လှူဒါန်း

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှာ ကိုဗစ်-၁၉ ကပ်ဘေးကာလ စားဝတ်နေရေး အခက်အခဲ ဖြစ်နေတဲ့ ဆိုက်ကားဆရာတွေအတွက် အောက်တိုဘာ ၁၁ ရက်နေ့က အခြေခံစားသုံးကုန်တွေ လှူဒါန်းခဲ့ပါတယ်။ အနှေးယာဉ်ဆိုက်ကားဆရာတွေ အခြေခံစားသုံးကုန်တွေ လှူဒါန်းတာကို အဖြူရောင် ဧရာဝတီက ဦးဆောင်ပြီး မြို့ခံအလှူရှင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အဖြူရောင် ဧရာ၀တီအဖွဲ့မှ ကိုစိုးသီဟမင်းက  ဒီဗွီဘီကိုပြောပါတယ်။ "အဓိကတော့ ကိုဗစ်ကာလမှာ အားလုံးက စားဝတ်နေရေးအခက်အခဲဖြစ်နေတာပါ။ ပြီးခဲ့တဲ့ ရက်က ရပ်ကွက်တွေကို လှူပေးခဲ့ပါတယ်။ အခုလုပ်တာကတော့ ကျနော်တု့်အဖွဲ့က ဦးဆောင်ပြီး မြို့ခံအလှူရှင်တွေနဲ့ ပူးပေါင်းပြီးတော့ ဆိုက်ကား ဆရာတွေအတွက် လှူပေးဖြစ်တာပါ”လို့ ပြောပါတယ်။ အဖြူရောင်ဧရာ၀တီအဖွဲ့နဲ့ မြို့ခံအလှူရှင်တွေပူးပေါင်းပြီး အနှေးယာဉ်ဆိုက်ကား ဆရာ ၆၅၀ ဦးအတွက် ၁ ဦးကို ဆန် ၂ ပြည်၊ ကြက်ဥ ၂ လုံး၊ ခေါက်ဆွဲထုပ် ၂ ထုပ်၊ အအေးနဲ့ ကိတ်မုန့်တွေ ပေးဝေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ လပွတ္တာမြို့မှာနေထိုင်သူတွေအနေနဲ့ စားဝတ်နေရေးအခက်အခဲရှိလာရင် အဖြူရောင် ဧရာဝတီအဖွဲ့ထံ ဆက်သွယ်ပြီး အကူညီတောင်းခံနိုင်လာရင်လည်း အဖွဲ့အနေနဲ့ ကူညီပေးသွားမှာ ဖြစ်တယ်လို့ အဖြူရောင်ဧရာ၀တီအဖွဲ့မှ ကိုစိုးသီဟမင်းက  ဒီဗွီဘီကိုပြောပါတယ်။ လပွတ္တာမြို့အခြေစိုက် အဖြူရောင်ဧရာ၀တီအဖွဲ့ဟာ သဘာဝဘေးကယ်ဆယ်ရေး လုပ်ငန်း တွေ ကိုလုပ်ဆောင်နေတဲ့ အဖွဲ့ဖြစ်ပြီး ကိုဗစ်ကာလ စား၀တ်နေရေးအခက်အခဲရှိနေတဲ့ အိမ်ထောင်စု တွေကို ထောက်ပံ့ပေးနေသလို ဆွမ်းအခက်အခဲရှိတဲ့ သံဃာတော်များအတွက်လည်း ဆွမ်းခံပေး တာတွေ ပြုလုပ်ပေးနေတာပါ။ သတင်း - မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ - အဖြူရောင်ဧရာဝတီ
7 months Ago
Up