ဆန်းချက်ဇ်

October 22, 2020

မိုချင်ဂလတ်ဘတ်နှင့်သရေပွဲ၌ တိုက်စစ်မှူး ဆန်းချက်ဇ် ဒဏ်ရာရခဲ့ဟု အင်တာမီလန်ထုတ်ပြန်

မိုချန်ဂလာဘတ်အသင်းနဲ့ သရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ တိုက်စစ်မှူး အလက်ဇစ်ဆန်းချက်ဇ်ဟာ ကြွက်သားဒဏ်ရာ ရရှိခဲ့တယ်လို့ အင်တာမီလန်အသင်းက အတည်ပြု ပါတယ်။  ဆန်းချက်ဇ်ဟာ အောက်တိုဘာ ၂၁ ရက်ညပွဲစဉ်မှာ ပွဲထွက်ခွင့်ရရှိခဲ့ပြီး ဒါဟာ သူ့အတွက် ဒီရာသီဒုတိယမြောက်ပွဲစဉ်ဖြစ်ပါတယ်။  ဒါပေမဲ့ ဆန်းချက်ဇ်ဟာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပြီး ပထမပိုင်းအပြီးမှာတင် မာတီနက်ဇ်နဲ့ လူစားလဲခံခဲ့ရပါတယ်။ ဆန်းချက်ဇ်ဟာ  ပေါင်ခြံကြွက်သား ဒဏ်ရာရရှိခဲ့တာကြောင့် ညကပွဲစဉ် ပထမပိုင်းမှာတင် လူစားလဲခဲ့ရတယ်လို့ အင်တာမီလန်အသင်းရဲ့ တွစ်တာမှာရေးသားထားပါတယ်။ ပထမပိုင်း တပိုင်းလုံးမှာ ဆန်းချက်ဇ်ဟာ ပေးပို့မှု ၁၁ ကြိမ်သာရှိခဲ့ပြီး ဒါဟာ ကွင်းထဲက ကစားသမား အားလုံးထက်နည်းပါတယ်။   ချီလီသားဟာ ဘောလုံးဆုံးရှုံးမှု ၈ ကြိမ်ရှိခဲ့ပြီး ယှဉ်လုမှု ၉ ကြိမ်မှာလည်း ၁ ကြိမ်သာ အသာ ရရှိခဲ့ပါတယ်။  အင်တာမီလန်အသင်းဟာ တိုက်စစ်မှူး လူကာကူနဲ့ နောက်ကျ ချေပဂိုးကြောင့်သာ သရေ တစ်မှတ် ရရှိခဲ့တာဖြစ်ပြီး ပထမဂိုးကိုလည်း လူကာကူကပဲ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။  ၂ ဂိုးစီ သရေကျခဲ့ပေမဲ့ အင်တာမီလန်အသင်းနည်းပြ ကွန်တီက သူ့ကစားသမားတွေကို အပြစ်တင်ဖို့ ငြင်းဆိုခဲ့ပြီး ပွဲမတိုင်ခင် နောက်ခံ အစွန်လူ ဟာကီမီကို ဆုံးရှုံးခဲ့ရတာက အင်တာမီလန်အသင်းရဲ့ ကြိုတင်ပြင်ဆင်မှုတွေအပေါ်သက်ရောက်မှုရှိခဲ့တယ်လို့ ပြောပါတယ်။  ဟာကီမီဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတာကြောင့် ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော် ခဲ့ရတာဖြစ်ပါတယ်။ “ကွင်းထဲမှာအကောင်းဆုံစွမ်းဆောင်ပြနိုင်ဖို့ ကျနော်တို့ အာရုံစိုက်ဖို့ လိုအပ်ပါတယ်။ ဒါဟာ ကျနော်တို့ လုပ်ရမယ့်အရာပါ။ ဟာကီမီမှာ ဗိုင်းရပ်စ်တွေ့ရတယ်လို့ ညနေ ၅ နာရီလောက်မှ သိရ တာဟာ တကယ်ကို ခက်ခဲခဲ့ပါတယ်။ မနက်ပိုင်းအထိ သူဟာ ကျနော်တို့နဲ့ လေ့ကျင့်ခန်း ဆင်းနေခဲ့ပြီး သူ့ကို ပွဲထွက်ကစားဖို့ စီစဉ်ထားတာပါ။ အဲ့ဒီအတွက်လည်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်။ ကျနော်က ကစားသမားတွေကို ဘယ်အခြေအနေမျိုးကို မဆို ခေါင်းမော့ရင်ဆိုင်သွားဖို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဒါဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာအတွက်တော့ မလွယ်ကူခဲ့ဘူး။ ဒါပေမဲ့ ကစားသမားတွေဟာ အကောင်းဆုံး လုပ်ပြနိုင်ခဲ့ပါတယ်။ ကျနော်တို့ဟာ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့အသင်းနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး မိုချန်ဂလာဘတ်ဟာ နည်းစနစ်ပိုင်းတင် မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်မြင့်မားတဲ့အသင်းဖြစ်ပါတယ်”လို့ အင်တာ နည်းပြ ကွန်တီက ပွဲအပြီးမှာပြောခဲ့ပါတယ်။ ဒီပွဲမှာ ၂ ဂိုးသွင်းယူနိုင်ခဲ့တဲ့ အင်တာမီလန်တိုက်စစ်မှူး လူကာကူက အသင်းသားတွေကို အခု ထက်ပိုအာရုံစိုက်ဖို့ တိုက်တွန်းခဲ့ပါတယ်။  ဒီနေ့ပွဲရလဒ်ကြောင့် အင်တာမီလန်အသင်းသာ ပြိုင်ပွဲစုံ ၃ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီဖြစ်ပါတယ်။
7 months Ago

August 7, 2020

အင်တာမီလန်အသင်းက  ဆန်းချက်ဇ်ကို  သုံးနှစ်စာချုပ်ဖြင့် ခေါ်ယူ

ဆန်းချက်ဇ်ကို အပြီးသတ်စာချုပ်နဲ့ ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အင်တာမီလန်အသင်းက အတည်ပြု ပြောကြားလိုက်ပါတယ်။  ဆန်းချက်ဇ်ဟာ မန်ယူနိုက်တက်ကနေ အင်တာမီလန်အသင်းဆီကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားနေတာပါ။ လက်ရှိအချိန်မှာတော့ ၃နှစ်စာချုပ် ချုပ်ဆိုထားကြောင်း အင်တာမီလန်စီအီးအို မာရော့တာက  ပြောပါတယ်။    အင်တာမီလန်အတွက် ၄ ဂိုးသာ သွင်းယူထားပေမယ့်လည်း ဆန်းချက်ဇ်ကို အပြီး သတ်ခေါ်ယူဖို့  ဆုံးဖြတ်ခဲ့တာပါ။  အသက် ၃၁ နှစ်ရှိ ဆန်းချက်ဇ်ဟာ ၂၀၁၈ ခုနှစ်က အာဆင်နယ်ကနေ မန်ယူနိုက်တက် အသင်းဆီကို ပြောင်းရွှေ့လာခဲ့ပြီးနောက် စုစုပေါင်း ၄၅ ပွဲကစားခဲ့ပြီး ၅ဂိုးသာ သွင်းယူ နိုင်ခဲ့ပါတယ်။  အခုနှစ်ရာသီ အင်တာမီလန်အသင်းအတွက်တော့ စုစုပေါင်းပွဲ ၃၀ ကစားထားပြီး ၄ ဂိုးသွင်းယူ ထားတာဖြစ်ပါတယ်။ 
9 months Ago
More News
Up