ဆန္ဒမဲပေးခွင့်ရှိသူ

July 17, 2020

၂၀၂၀ ရွေးကောက်ပွဲအတွက် ရန်ကုန်တိုင်းတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၅ ဒသမ ၈ သန်းခန့်ရှိ  

လာမယ့်၂၀၂၀ ရွေးကောက်ပွဲအတွက် ရန်ကုန်တိုင်းမှာ အသက် ၁၈ နှစ်ပြည့်ပြီး မဲပေးနိုင်မယ့် ဦးရေက ၅ ဒသမ ၈ သန်းဝန်းကျင်လောက်ရှိတယ်လို့  ရန်ကုန်တိုင်းအစိုးရ လဝက ဝန်ကြီးက ပြောပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးမဲပေးခွင့်ရှိသူတွေရဲ့ အခြေခံမဲစာရင်းကို ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၇ ရက်အထိ ၁၄ ရက်တာအတွင်း သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာတွေက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွေကနေ ကြေညာပေးတော့မှာပါ။  ရန်ကုန်တိုင်းလဝက ဝန်ကြီး ဒေါ်မိုးမိုးစုကြည် က “မဲစာရင်းမှာမပါသူတွေအနေနဲ့ မဲပေးခွင့်ရမှာမဟုတ်ဘဲမဲပေးခွင့်မဆုံးရှုံးစေဖို့ ပြည်သူတွေ အနေနဲ့ မဲစာရင်းတွေ သွားရောက်ကြည့်ရှု ဖို့ လိုပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာဆိုရင်လည်း လက်ရှိ ကောက်ခံထားပြီးတဲ့စာရင်းတွေအရ အသက် ၁၈ နှစ်ပြည့်ပြီး မဲပေးနိုင်သူဦးရေက ၅ ဒသမ ၈ သန်း လောက်မှာ ရှိနေတယ်” လို့ ပြောပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအတွက် လက်ရှိကောက်ခံထားတဲ့ ရန်ကုန်တိုင်းရဲ့ လူဦးရေစာရင်းက ဒီဇင်ဘာလမှ အသက် ၁၈ နှစ်ပြည့်မယ့်သူတချို့ ပါဝင်တာလည်းရှိတာမို့ အနည်းငယ်လျော့နည်း တာတော့ ရှိနိုင်ပါတယ်။ တချို့ဆို မှတ်ပုံတင်လိုအပ်ချက်တွေကြောင့်ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတုန်းကလည်း ရှိတဲ့ လူဦးရေနဲ့ မဲထည့်သူဦးရေက အလွန်နည်းနေတာတွေ တွေ့ခဲ့ရလို့ အခု ၂၀၂၀မှာ လည်း နိုင်ငံသားတွေရဲ့အခွင့်အရေး မဆုံးရှုံးအောင်ဆောင်ရွက်ပေးဖို့ လွှတ်တော်ကိုယ်စားလှယ်တွေက မှတ်ချက်ပြုပြောဆိုတာ တွေလည်း ရှိနေပါတယ်။ လက်ရှိမှာ ရန်ကုန်တိုင်း မဲစာရင်းမှာ မှတ်ပုံတင်နံပါတ်မဖြည့်ရသေးသူ ၂ သိန်းလောက်ရှိနေတာပါ။ ဒါကြောင့်မှတ်ပုံတင်လိုအပ်ချက်မြင့်နေတဲ့ မြို့နယ်ရပ်ကွက်ကျေးရွာ တွေကို ၂ လတာ သစ္စာစီမံချက်တွေနဲ့ မှတ်ပုံတင်လုပ်ပေးနေပါတယ်။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးအတိုင်းအတာအရ ပထမအကြိမ်မဲပေးနိုင်မယ့် လူငယ် ၄ သန်းလောက်ရှိမယ်လို့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ခန့်မှန်းထားပါတယ်။  သတင်း - ဇာခြည်
11 months Ago

February 27, 2020

ပုသိမ်ခရိုင်တွင် မဲရုံ ၂ ရုံနှင့် ဆန္ဒမဲပေးခွင့်ရှိသူ ၂၅၀၀၀ ဦးခန့် ထပ်တိုးလာ  

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်မှာ လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူ လူဦးရေစာရင်းဟာ ၂၀၁၅ ခုနှစ်ကထက် ၂၅၀၀၀ နီးပါးပိုတိုးလာတယ်လို့ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူက ပြောပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေတွေကို ဒီကနေ့ မီဒီယာတွေနဲ့ တွေ့ဆုံအသိပေးရာမှာ ပုသိမ်ခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင့်လွင်က ပြောဆိုခဲ့တာပါ။ လက်ရှိအချိန်မှာ ကော်မရှင်အနေနဲ့ အသက် ၁၈ နှစ်ပြည့်ပြီးသူတွေ မဲပေးခွင့်မကျန်ရှိရေး၊ မဲဆန္ဒနယ်ပြင်ပရောက်တဲ့ ပုဂ္ဂိုလ်တွေစာရင်းနဲ့ ခရိုင်အတွင်း ဝင်ထွက်သူစာရင်း စတဲ့အချက်အလက်တွေကို အဓိကထားလုပ်ဆောင်နေရတယ်လို့ ခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင့်လွင်က ရှင်းပြပါတယ်။ လက်ရှိအချိန်မှာ ဇန်နဝါရီလကုန်ပိုင်းထိ ပုသိမ်ခရိုင်အတွင်းမှာ မဲရုံပေါင်း ၁၂၆၇ ရုံနဲ့ မဲပေးနိုင်တဲ့လူဦးရေပေါင်း ၁၁၅၈၅၀၆ ဦးရှိတယ်လို့ ပုသိမ်ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးရဲ့ အချက်အလက်တွေအရ သိရပါတယ်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကျင်းပချိန်တုန်းက ပုသိမ်ခရိုင်အတွင်း မဲရုံပေါင်း ၁၂၆၅ ရုံနဲ့ မဲပေးနိုင်တဲ့ လူဦးရေ ၁၁၃၄၈၇၀ ဦးသာရှိခဲ့ပါတယ်။ ဒါကြောင့် ၅ နှစ်အတွင်း မဲရုံ ၂ ရုံတိုးလာပြီး မဲပေးနိုင်တဲ့ လူဦးရေကလည်း  ၂၃၆၃၆ ဦးတိုးတယ်လို့ ကော်မရှင်ထံက သိရပါတယ်။ သတင်း- မင်းထက်မုန်း (ပုသိမ်)
1 year Ago
Up