ဆန္ဒပြသူ ၂ ဦး

July 28, 2020

အီရတ်တွင် ဆန္ဒပြသူ ၂ ဦးသေဆုံးပြီးနောက် နိုင်ငံတည်ငြိမ်မှုရှိစေရန်  ဝန်ကြီးချုပ် မေတ္တာရပ်ခံ

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့က အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲအတွင်း ဆန္ဒပြသူ နှစ်ယောက်  သေဆုံးခဲ့ပြီးနောက် ဝန်ကြီးချုပ် မူစတာဖာအာရ်ခါဒီမီက တည်ငြိမ်အေးချမ်းကြစေဖို့ ဇူလိုင် ၂၇ ရက်မှာ မေတ္တာရပ်ခံလိုက်ပါတယ်။  ဒါဟာ  လပေါင်းများစွာအတွင်း  တဟာရင်ပြင်မှာ ပထမဆုံး  လူသေဆုံးတဲ့  ဖြစ်ရပ်ဖြစ်ပြီး မနှစ်တုန်းက တဟာရင်ပြင်ဟာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲ အမှတ်လက္ခဏာ ဖြစ်ခဲ့ပါတယ်။  အခု ဆန္ဒပြသူတွေက အပူချိန် ၅၀ ဒီဂရီစဲဆီးယပ်စ်အထိ မြင့်မားတဲ့ အပူလှိုင်းဖြတ်နေစဉ် အတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်တာကို ဆန့်ကျင် ဆန္ဒပြနေတာပါ။ ဆန္ဒပြပွဲမှာ  လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ကျည်အစစ်တွေအသုံးပြုပြီး လူစုခွဲတယ်လို့ အီရတ် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးအဖွဲ့ဝင်တစ်ဦးက  ပြောပါတယ်။  ဇူလိုင် ၂၇ ရက် ရုပ်သံမိန့်ခွန်းမှာတော့  ဝန်ကြီးချုပ် ခါဒီမီက ဆန္ဒပြပွဲတွေဟာ  တရားဝင် ခွင့်ပြုထားတဲ့ အခွင့်အရေးဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ ဆန္ဒပြသူတွေ ရှိရာကို  ကျည်တစ်တောင့်တောင်  ပစ်ခွင့်မရှိဘူးလို့ ထည့်သွင်း ပြောဆိုသွားပါတယ်။  ဆန္ဒပြသူ နှစ်ယောက် သေဆုံးတဲ့အတွက် စုံစမ်းရေး လုပ်နေပြီး ၇၂ နာရီအတွင်း အဖြေတောင်းထားတယ်လို့ ဝန်ကြီးချုပ် ခါဒီမီက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းကလည်း အီရတ်နိုင်ငံမှာ အကြီးမားဆုံး အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး လပေါင်းများစွာ ကြာမြင့်ပါတယ်။ အဲဒီဆန္ဒပြပွဲမှာ လူ ၅၀၀ နီးပါး သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
10 months Ago

January 21, 2020

အီရတ်ဆန္ဒပြပွဲများတွင်း ဆန္ဒပြသူ ၂ ဦးနှင့် ရဲ ၂ ဦး သေဆုံး

အီရတ်နိုင်ငံ မြို့တော်ဘဂ္ဂဒက်နဲ့ ဘတ်စ်ရာမြို့တွေမှာ ဇန်နဝါရီ ၂၀ ရက်က ဆန္ဒပြသူတွေနဲ့ ရဲတွေ ထိပ်တိုက်တွေ့ရာက ဆန္ဒပြသူ ၂ ယောက်နဲ့ ရဲအရာရှိ ၂ ယောက် သေဆုံးတယ်လို့ ဆေးဘက်နဲ့ လုံခြုံရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ အီရတ်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ မတည်ငြိမ်မှုတွေ သီတင်းပတ်ချီ ငြိမ်နေရာက ပြန်စလာခဲ့အပြီးမှာ အခုလို ဖြစ်တာပါ။ ဘဂ္ဂဒက်မြို့တော် တာယာရန်ရင်ပြင်မှာ လုံခြုံရေးတပ်တွေက မျက်ရည်ယိုဓာတ်ငွေ့တွေ ကျည်အစစ်တွေနဲ့ ပစ်ခတ်အပြီး ဆန္ဒပြသူ ၂ ယောက် သေဆုံးတယ်လို့ လုံခြုံရေးနဲ့ ဆေးဘက် သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဆန္ဒပြသူတယောက်ရဲ့ ခေါင်းကို ကျည်ထိသေဆုံးပြီး ဒုတိယတယောက်ကတော့ မျက်ရည်ယိုဗုံး ထိမှန်သေဆုံးတာလို့ သတင်းရင်းမြစ်က ပြောပါတယ်။ ဘတ်စ်ရာ ရေနံမြို့မှာတော့ ဆန္ဒပြပွဲအတွင်း အရပ်သား တယောက်ရဲ့ ကားနဲ့ တိုက်မိလို့ ရဲ ၂ ယောက် သေဆုံးတယ်လို့ လုံခြုံရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဆန္ဒပြသူတွေနဲ့ ရဲတွေ ရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့နေရာကို ရှောင်မောင်းရင်း ရဲအရာရှိ ၂ ယောက်ကို ကားနဲ့ တိုက်မိတာလို့ သူတို့က ပြောပါတယ်။ အီရတ်တောင်ပိုင်းက မြို့အတော်များများမှာ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေက ကားတာယာတွေကို မီးရှို့ပြီး အဓိက လမ်းမတွေကို ပိတ်ဆို့ထားကြပါတယ်။ ဝန်ကြီးချုပ်ဟာ အီရတ်ပြည်သူတွေ လက်ခံနိုင်တဲ့ အစိုးရသစ်ကို ဖွဲ့စည်းပေးဖို့ အပါအဝင် ကတိတွေကို မဖြည့်ဆည်းပေးခဲ့ဘူးလို့ ဆန္ဒပြသူတွေက ပြောပါတယ်။ တောင်ပိုင်းမြို့တွေနဲ့ မြို့တော်ကို ဆက်ထားတဲ့ ယာဉ်ကြောတွေ ပိတ်ဆို့နေတယ်လို့ မျက်မြင်သက်သေက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ တောင်ပိုင်းရေနံမြေတွေက ထုတ်လုပ်မှုကတော့ ဆန္ဒပြပွဲတွေကြောင့် အနှောင့်အယှက် မဖြစ်ခဲ့ဘူးလို့ ရေနံအရာရှိတွေက ပြောပါတယ်။ ၂၀၁၉ အောက်တိုဘာ ၁ ရက်မှာ စတင်ခဲ့တဲ့ အီရတ် ဆန္ဒပြပွဲတွေအတွင်း လူအယောက် ၄၅၀ ကျော် သေဆုံးခဲ့ပြီးပါပြီ။
1 year Ago
Up