ဆဒမ်ဟူစိန်

June 7, 2015

ဆဒမ်ဟူစိန်အစိုးရ၏ မျက်နှာဖုံးဟု သတ်မှတ်ခံခဲ့ရသူ ကွယ်လွန်

အရင်အီရတ်အာဏာရှင် ဆဒမ်ဟူစိန်အစိုးရရဲ့ မျက်နှာဖုံးလို့ အများရဲ့ သတ်မှတ်ခံရတဲ့ အရင် အီရတ်ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး တာရစ်အာဇစ် (Tariq Aziz) ဟာ ဇွန် ၅ ရက်နေ့က နိုင်ငံတောင်ပိုင်းက ဆေးရုံတရုံမှာ ကွယ်လွန်သွားပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၇၉ နှစ်ရှိပြီဖြစ်ပြီး ရုပ်အလောင်းကို သူ့ဆွေမျိုးတွေထံ လွှဲပြောင်းပေးလို့ ဇွန် ၆ ရက်နေ့က နိုင်ငံတောင်ပိုင်း ဒီကာပြည်နယ်ကနေ ဘက္ကဒက်မြို့ကို သယ်ဆောင်လာပါတယ်။ သူအာဏာရှိစဉ် ဘာသာရေးပြစ်ဒဏ်စီရင်မှုတွေနဲ့ သူ့ကိုသေဒဏ်ချမှတ်ခဲ့ပေမယ့် တကယ်ပြစ်ဒဏ်စီရင်ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။ ၂၀၀၃ ခုနှစ် ဘက္ကဒက်မြို့ကျချိန်မှာ အမေရိကန်တပ်ဖွဲ့တွေဆီ လက်နက်ချအဖမ်းခံခဲ့ပါတယ်။ သူဟာ နှလုံးရောဂါနဲ့ ဆေးရုံမှာ သေဆုံးတယ်လို ဒေသခံဆေးရုံအာဏာပိုင်တွေက ဆိုပါတယ်။ သူထောင်ကျခံနေရချိန်မှာ ကျန်းမာရေးမကောင်းလို့ ပြန်လွှတ်ပေးဖို့ သူ့ မိသားစုဝင်တွေက အကြိမ်ကြိမ်တောင်းဆိုခဲ့ကြပါတယ်။ Al-Douri-dead-Saddam-Hussein-278758မသေဆုံးခင် ဇွန် ၄ ရက်နေ့က သူ့မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်ရခဲ့ပေမယ့် စကားတုံ့ပြန်ပြောဆိုနိုင်ခြင်းမရှိခဲ့ဘူးလို့ သမီးဖြစ်သူက ပြောဆိုပါတယ်။ သူ့ကို နိုင်ငံမြောက်ပိုင်းက မွန်ဆိုလ်မြို့အနီးမှာ မွေးဖွားခဲ့တာပါ။ ၁၉၅၀ နှစ်တွေကတည်း ဆဒမ်ဟူစိန်နဲ့ ရင်းနှီးခဲ့သူဖြစ်ပြီး အနီးကပ်အကြံပေးလည်း ဖြစ်ခဲ့ပါတယ်။ အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်ကျင် ပြောဆိုနိုင်ပြီး ခရစ်ယာန်ဘာသာဝင်တဦးလည်း ဖြစ်ပါတယ်။
6 years Ago

March 1, 2015

အာဏာရှင် ဆဒမ်ဟူစိန်လက်ထက်က ပြတိုက် ပြန်ဖွင့်ပြီ

၂၀၀၃ ခုနှစ်က အမေရိကန်ဦးဆောင်တဲ့တပ်ဖွဲ့တွေ အီရတ်နိုင်ငံထဲ ၀င်ရောက်ခဲ့အပြီး ပိတ်ခဲ့ရတဲ့ အီရတ်အမျိုးသားပြတိုက်ကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ ဘက်ဒက်မြို့တော်မှာ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ အမေရိကန်ဦးဆောင်တဲ့ အီရတ်စစ်ပွဲအတွင်း အီရတ်အမျိုးသားပြတိုက်က ရှေးဟောင်းပစ္စည်းအတော်များများ ပျောက်ဆုံးခဲ့လို့ ပိတ်ခဲ့ပြီး ၁၂ နှစ်အကြာမှာ ပြန်လည်စုဆာင်းရရှိသမျှ ပစ္စည်းတွေနဲ့ ဖွင့်လှစ်ခဲ့တာလည်းဖြစ်ပါတယ်။ အီရတ်ဝန်ကြီးချုပ် အဘာဒီ Haider al-Abadi ကိုယ်တိုင်တက်ရောက် ဖွင့်လှစ်ပေးခဲ့ပြီး ပြီးခဲ့တဲ့တပတ်က မွန်ဆိုးမြို့က ရှေးဟောင်းပြတိုက်တခု အိုင်အက်စ်အစွန်းရောက်တွေရဲ့ အဖျက်ဆီးခံခဲ့ရအပြီး အချိန်ကိုက်ဖွင့်လှစ်ခဲ့တာလည်း ဖြစ်ပါတယ်။ ၀န်ကြီးချုပ်က ကမ္ဘာ့လူသားတွေရဲ့ သမိုင်းအမွေအနှစ်၊ အီရတ်နိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်ကို ဖျက်ဆီးသူတွေကို အထိရောက်ဆုံး အရေးယူမယ်လို့ ဖွင့်ပွဲအခမ်းအနားမှာ ပြောဆိုပါတယ်။ ကုလသမဂ္ဂယူနက်စကိုအဖွဲ့ကြီးကလည်း အခုလိုအီရတ်နိုင်ငံက ရှေးဟောင်ယဉ်ကျေးမှုအမွေအနှစ်တွေ ဖျက်ဆီးခံခဲ့ရမှုနဲ့ ကာကွယ်ဖို့ ကုသလမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးခေါ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ အီရတ်အာဏာရှင် ဆက်ဒမ်ဟူစိန် အဖြုတ်ချခဲ့ရပြီးနောက်ပိုင်း အီရတ်အမျိုးသားပြတိုက်က ရှေးဟောင်းပစ္စည်း ၁ သောင်းခွဲလောက် ပျောက်ဆုံးခဲ့ပြီး အဲ့ဒီထဲက ၃ ချိုး ၁ ချိုးပဲ ပြန်လည်ရရှိခဲ့တာပါ။ ဒီရှေးဟောင်းပစ္စည်းတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၇ ထောင် မက်ဆိုပိုတေးနီးရှားခေတ်က သမိုင်းဝင်ပစ္စည်းတွေဖြစ်ပြီး အီရတ်နိုင်ငံကတော့ ကမ္ဘာ့လူသားတွေရဲ့သမိုင်း၊ ယဉ်ကျေးမှုလို့ သတ်မှတ်ထားတာလည်းဖြစ်ပါတယ်။ ဓာတ်ပုံ - ရိုက်တာ [gallery ids="83782,83783,83784,83785,83786,83787,83788,83789,83790,83791,83792,83793,83794,83795,83796,83797"]
6 years Ago
Up