ဆင်ခြေထောက်ရောဂါ

January 19, 2019

ချောက်တွင်​ ​ လူဦးရေ ၂ သိန်းကျော်ကို ဆင်ခြေထောက်ရောဂါကာကွယ်​​ဆေးတိုက်ကျွေးမည်

မကွေးတိုင်း ချောက်မြို့နယ်မှာ​ ​ဆင်​​ခြေ​ထောက်​​​ရောဂါ ၇ ​ရာခိုင်​နှုန်း ​တွေ့ရှိရလို့ လူဦးရေ ၂ သိန်းကျော်ကို ဆင်ခြေထောက်ရောဂါကာကွယ်​​ဆေး တိုက်ကျွေးသွားမယ်​လို့ ​ချောက်​မြို့နယ်​ ကျန်းမာ​ရေး ဦးစီးဌာနက သိရပါတယ်​။ ချောက်​မြို့နယ် ​ရပ်ကွက် ကျေးရွာတွေမှာ နေထိုင်တဲ့ လူဦးရေ နှစ်သိန်းကျော်ကို အခုလ ဇန်နဝါရီလ ၂၂ ရက်မှ ၃၁ ရက်နေ့အထိ ဆင်ခြေထောက်ရောဂါ ကင်းရှင်းစေ​ရေး အိမ်တိုင်ရာရောက် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက လိုက်​လံ တိုက်ကျွေးပေးသွားမယ်​လို့ ဆိုပါတယ်​။ နှစ်စဉ် ဆင်ခြေထောက်ရောဂါ ကာကွယ်​​ဆေး တိုက်​​ကျွေးခဲ့ပြီး အခုနှစ်မှာ ဆင်ခြေတောက်ရောဂါပိုးတွေ့နှုန်းကို ပြန်လည်စစ်ဆေးရာတွင် လူဦးရေ ၃၀၀ ကို သွေးဖောက်စစ်ဆေးခဲ့ရာ လူ ၂၂ ယောက်တွင် ရောဂါပိုးတွေ့ရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် ၇ ရာခိုင်နှုန်းဖြစ်နေလို့ သတ်မှတ်ထားသည့် စံနှုန်းနှင့် မကိုက်ညီသောကြောင့် ဆင်ခြေထောက်ရောဂါကာကွယ်ဆေး DEC ဆေးပြားနှင့် Albendazole ဆေးပြား တိုက်ကျွေးခြင်းဆောင်ရွက်ရွက်သွားမှာဖြစ်​ပြီး ဆေးတိုက်ကျွေးမှုတွင် နှစ်နှစ်အောက် ကလေးသူငယ်တွေနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေကို ဆေးတိုက်ခြင်းမပြုဘူးလို့​ ချောက်​မြို့ ပြည်သူ့ဆေးရုံအုပ်ဆရာဝန်ကြီး ဒေါက်တာစိုးဝင်းက ​ပြောပါတယ်​။ “မကွေးတိုင်းအတွင်းက ခရိုင် ၅ ခုမှာ မင်းဘူးခရိုင်ကတော့ ပိုးတွေ့နှုန်း လူတစ်ထောင်မှာ တယောက်နှုန်း စံသတ်မှတ်ချက်ရသွားတဲ့အတွက် မကျွေးရတော့ဘူး။ ကျနော်တို့ ချောက်မြို့နယ် အနေနဲ့လည်း ဒီနှစ်မှာ ခါတိုင်း နှစ်နဲ့ မတူဘဲ ကျနော်တို့လိုချင်တဲ့ စံနှုန်းရအောင် ဆေးကို ပါးစပ်ထဲရောက်အောင် သေချာတိုက်သွားမှာ” လို့ ​ပြောပါတယ်​။ ၂၀၂၀ ခုနှစ်မှာ မြန်မာနိုင်ငံဟာ ဆင်ခြေထောက်ရောဂါကင်းရှင်းတဲ့ နိုင်ငံဖြစ်ဖို့အတွက် ဆင်ခြေထောက်ရောဂါပိုးတွေ့ရှိတဲ့ မြို့နယ်ပေါင်း ၂၀၀ ကို DEC ဆေးပြားနှင့် Albendazole ဆေးပြား တပြိုင်နက်တိုက်ကျွေးသွားမှာဖြစ်ပြီး မကွေးတိုင်းအတွင်းရှိ ခရိုင် ၄ ခရိုင်မှ မြို့နယ် ၁၇ မြို့နယ်​ကို ​ဆောင်​ရွက်​သွားမှာ ဖြစ်​​ကြောင်း သိရပါတယ်​။ အဆိုပါဆေးတိုက်ကျွေးနိုင်ဖို့အတွက် ဂျပန်နိုင်ငံ Eisai ဆေးကုမ္ပဏီ မှ DEC ဆေးပြား တန်ဖိုးငွေ ၅၄၃ ဒသမ ၈ သန်း၊ GSK (Glaxo Smithline) ဆေးကုမ္ပဏီ မှ Albendazole ဆေးပြား တန်ဖိုးငွေကျပ် ၇၃၉ ဒသမ ၅ သန်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အစီအစဉ်နဲ့လှူဒါန်းခဲ့ပြီး နိုင်ငံတော် ဘတ်ဂျတ်ငွေ ကျပ်သန်းပေါင်း ၇၃၃ သန်း သုံးစွဲပြီး ဆင်ခြေထောက်ရောဂါ ကင်းဝေးစေဖို့ ဆေးတိုက်ကျွေးခြင်းဖြစ်​​ကြောင်း ​ချောက်​မြို့နယ်​ ကျန်းမာ​ရေးဦးစီးဌာန ကျန်းမာ​ရေးမှူး ဦးသူရ​အောင်​က​ပြောပါတယ်​။ ကိုလင်း(​ချောက်​)
2 years Ago

January 12, 2019

ဆင်ခြေထောက်ရောဂါကင်းဝေးရေး သန်ချဆေးပေါင်း သောက်သုံးကြရန် ကျန်းမာရေးဌာန တိုက်တွန်း

ဆင်ခြေထောက်ရောဂါကင်းဝေးတဲ့ ရန်ကုန်မြို့ကြီးဖြစ်ဖို့အတွက် ဇန်န၀ါရီ ၂၂ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ သန်ချဆေးပေါင်းကို တိုက်ကျွေးမှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ ယုံယုံကြည်ကြည်ဆေးသောက်သုံးကြဖို့ ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းလိုက်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းက ခရိုင် ၄ ခရိုင်လုံးမှာ ဆင်ခြေထောက်ရောဂါ အမြစ်တွယ်မှုရှိနေတာကြောင့် ဆင်ခြေထောက်ရောဂါ ကင်းဝေးရေးအတွက် သန်ချဆေးပေါင်းကို ၂၀၁၃ ခုနှစ်မှစတင်ကာ တိုက်ကျွေးလာတာ ၅ နှစ်ရှိပြီ ဖြစ်ပါတယ်။ ၅ နှစ်တာ ကာကွယ်ဆေးတိုက်ကျွေးမှုဟာ အကျိုးသက်ရောက်မှု ရှိ၊ မရှိ သိရှိစေဖို့အတွက် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ရန်ကုန်တိုင်း အတွင်းက မြို့နယ် ၁၄ မြို့နယ်မှာ အကြိုဆန်းစစ်မှု လုပ်ဆောင်ရာမှာ အောင်မြင်မှုရရှိခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။ ဆင်ခြေထောက်ရောဂါ ကင်းဝေးမှု ရှိ၊ မရှိ တကယ့်ဆန်းစစ်မှုကိုတော့ ၂၀၁၉ ခုနှစ် သြဂုတ်လအတွင်းမှာ လုပ်ဆောင်သွားဖို့ ရှိပါတယ်။ ဆင်ခြေထောက်ရောဂါကာကွယ်ဆေး တိုက်ကျွေးမှု အကြိုဆန်းစစ်မှုကိုတော့ ရန်ကုန်တိုင်းဒေသကြီးအပါအ၀င် ခရိုင် ၃၂ ခရိုင်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ခရိုင် ၂၁ ခရိုင်မှာ ဆန်းစစ်မှု အောင်မြင်ခဲ့ပေမယ့် ၁၁ ခရိုင်မှာတော့ ကျရှုံးခဲ့တာပါ။ ၂၀၂၀ ခုနှစ်မှာ မြန်မာနိုင်ငံအနေနဲ့ ဆင်ခြေထောက်ရောဂါကို ကျန်းမာရေးပြဿနာကနေ ဖယ်ရှားနိုင်ဖို့အတွက် ဆင်ခြေထောက်ရောဂါကင်းဝေးရေးကို စီမံချက်ရေးဆွဲကာ အကောင်အထည်ဖော်ဆောင်ရွက်နေတာပါ။ ဆုဆုသွယ်
2 years Ago
Up