စွန့်ပစ်ငါးဖမ်းပိုက်

June 22, 2021

စွန့်ပစ်ငါးဖမ်းပိုက်များ ဖုံးအုပ်နေသည့် သန္တာကျောက်တန်းများကို ထိုင်းရေငုပ်သမားများ ဖယ်ရှား

ထိုင်းပင်လယ်ကွေ့ထဲက သန္တာကျောက်တန်းတွေမှာ ဖုံးအုပ်နေတဲ့ စွန့်ပစ်ငါးဖမ်းပိုက်တွေကို ရေငုပ်သမား အယောက် ၄၀ က နှစ်ရက်ကြာ စစ်ဆင်ရေးအဖြစ် ဖယ်ရှားမှု ဇွန် ၂၀ မှာ ပြီးဆုံးသွားပါတယ်။

စေတနာ့ဝန်ထမ်း ရေငုပ်သမားအုပ်စုနဲ့ ကမ်းရိုးတန်းသယံဇာတ သုတေသနဌာနတို့က ငါးဖမ်းပိုက်တွေကို ဖယ်ခဲ့တာဖြစ်ပြီး တော်ဝင်ထိုင်းရေတပ်က ကူညီခဲ့ပါတယ်။

ထိုင်းပင်လယ်ကွေ့တောင်ပိုင်းက ကျောက်တုံးထူထပ်တဲ့ ကျွန်းငယ်လေး ခို့လိုဆင်ပတ်လည်ရှိ ကာကွယ်ထားတဲ့ ဒေသထဲမှာ သန္တာကျောက်တန်းတွေ ရှိနေတာပါ။

လုပ်ငန်းစဉ် ပြီးဆုံးဖို့ သီတင်းပတ်ကုန်ရက်မှာ ရေငုပ်သမားတွေ ၆ ကြိမ် ရေငုပ်ဖယ်ရှားခဲ့ရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

စေတနာ့ဝန်ထမ်း ရေငုပ်သမားတယောက်က “လုပ်ငန်းစဉ်ရဲ့ အခက်ဆုံးအပိုင်းက သန္တာကျောက်ခက် အချွန်အတက်တွေကနေ ငါးဖမ်းပိုက်တွေကို ဖယ်ရတာပဲ။ သန္တာကျောက်တန်းက အခက်အလက်တွေ ပြည့်နေပြီး ကျိုးလွယ်တယ်။ ငါးဖမ်းပိုက်က သန္တာကျောက်တန်းပေါ်မှာ ၂၆ မီတာထိ လွှမ်းခြုံထားတယ်”လို့ ပြောပါတယ်။

တနင်္ဂနွေနေ့မှာ ငါးဖမ်းပိုက်တွေကို ဖယ်အပြီး ရေအနက် ၁၃ မီတာကနေ ၂၆ မီတာအောက်က ၅၀၀ စတုရန်းမီတာကျယ်တဲ့ သန္တာကျောက်တန်း ပေါ်လာပါတယ်။ ၃ လအတွင်း ပြန်နာလန်ထလာဖို့လည်း မျှော်လင့်ထားကြပါတယ်။

နှစ်စဉ် ကမ္ဘာတလွှားက သမုဒ္ဒရာတွေထဲမှာ ငါးဖမ်းပိုက်တန်ချိန် ၆၄၀,၀၀၀ လောက် စွန့်ပစ်ခံနေရတယ်လို့ ကုလသမဂ္ဂက ဆိုထားပါတယ်။

4 months Ago
Up