ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့နားမှာ ရထားသံလမ်းပေါ်မှာ စွန့်ပစ်ထားခဲ့တဲ့ ကားတစီးကို ခရီးသည်တင် ရထားတစီးက အောက်တိုဘာ ၂၀ ရက် မနက်ပိုင်းမှာ တိုက်မိ လမ်းချော်ခဲ့ပါတယ်။
ဒါကြောင့် ရထားမောင်းသူနဲ့ တခြားလူတွေ အသေးစား ဒဏ်ရာတွေ ရခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ရထားတွဲ ၄ တွဲပါတဲ့ ရထားဟာ ဆစ်ဒနီမြို့ တောင်ဘက် ၅၆ မိုင်အကွာက ဝူလွန်ဂွန်းဒေသနားမှာ ကားကို တိုက်မိခဲ့တာပါ။
ဒါကြောင့် ရှေ့ပိုင်းရထားတွဲတွေ လမ်းချော် လဲကျခဲ့ပြီး ဒုတိယ ရထားတွဲလည်း တိမ်းစောင်းခဲ့တယ်လို့ အရေးပေါ်ဌာနက ပြောပါတယ်။
ရထားမောင်းသူကို မီးသတ်သမားတွေက ကယ်ထုတ်ခဲ့ရပြီး တခြား ခရီးသည် ၂ယောက် အစောင့်တယောက်တို့နဲ့အတူ ဆေးရုံ တင်ပို့ ခဲ့ရပါတယ်။
အခင်းဖြစ်ရာနေရာကနေ လူတယောက် ထွက်ပြေးခဲ့တယ်လို့ သတင်းရလို့ အဲဒီနေရာကို ရာဇဝတ်မှု ဖြစ်ရာနေရာအဖြစ် ရဲတွေက သတ်မှတ်ခဲ့ပါတယ်။
ရထားသံလမ်းပေါ်မှာ ကားကို ဘယ်လောက် ကြာကြာ လာရပ်ထားခဲ့တယ်ဆိုတာ မသိရသေးပါဘူး။