စီးပွားရေးလေ့လာသုံးသပ်သူ

October 21, 2021

စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့စီးပွားပျက်ဟု စီးပွားရေးလေ့လာသုံးသပ်သူများ တုံ့ပြန်

မြန်မာနိုင်ငံရဲ့စီးပွားရေး ယိုယွင်းပျက်စီးမှုဟာ အတိုက်အခံတွေနဲ့  နိုင်ငံခြား ကျောထောက်နောက်ခံပေးထားတဲ့ အဖျက်သမားတွေကြောင့်ဖြစ်တယ်လို့ စစ်ကောင်စီဝန်ကြီးရဲ့ ပြောဆိုချက်ဟာ မှန်ကန်မှုမရှိဘဲ စစ်အာဏာသိမ်းမှုကြောင့်သာ စီးပွားရေးကျဆင်ရတာလို့  စီးပွားရေးလေ့လာသုံးသပ်သူတွေက တုံ့ပြန် လိုက်ပါတယ်။

စစ်ကောင်စီခန့် ရင်းနှီးမြှုပ်နှံမှုနှင့်ပြည်ပစီးပွားရေးဆက်ဆံမှုရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက   ရိုက်တာသတင်းဌာနနှင့်သီးသန့်အင်တာဗျူးမှာ ပြောဆိုခဲ့တာဖြစ်ပြီး ဘယ်နိုင်ငံတွေက  ကျောထောက်နောက်ခံပေးထားတယ်ဆိုတာကိုတော့ အတိအကျ ပြောဆိုခြင်းမရှိဘဲ ပြည်ပနိုင်ငံတချို့ရဲ့ဝင်ရောက်စွက်ဖက်မှု  အထောက်အထားတချို့ ရရှိထားတယ်လို့  ဦးအောင်နိုင်ဦးက ပြောပါတယ်။ 

စီးပွားရေးလေ့လာသုံးသပ်သူ တဦးကတော့ “မြန်မာ့စီးပွားရေးဟာ ၂၀၂ဝမှာကတည်းက ကိုဗစ်ကြောင့် ကျဆင်းပြီးသား ဖြစ်တယ်။ နောက်တချက်က နိုင်ငံရေးတည်ငြိမ်မှုက အရမ်းအရေးကြီးတယ်၊ ပြီးတော့ ပြည်သူလူထုရဲ့ယုံကြည်မှုကလည်း အရေးကြီးတယ်လေ။ အဲ့လိုအခြေအနေရှိနေတဲ့အချိန်မှာ စစ်အာဏာသိမ်းလိုက်တဲ့အခါ တည်ငြိမ်မှုက ပျက်သွားတယ်ပေါ့ နော်။ တည်ငြိမ်မှုပျက်သွားပြီးတဲ့နောက် World Bank ကလည်း ထုတ်ပြန်ထားတာရှိပါတယ်၊ ဘာလဲဆိုတော့ ဒီရိုက်ခတ်မှုက ကြီးမားတဲ့အတွက်ကြောင့်ဘဲ စီးပွားရေးက အဓိက ကျဆင်းရတာပါ။ ဒါဟာ ပြင်ပကြောင့် ဖြစ်ရတာ မဟုတ်ဘူး။ ပြည်တွင်းမှာ ဖြစ်တဲ့ ရိုက်ခတ်မှုကြောင့် ဖြစ်ရတာပါ” လို့ဆိုပါတယ်။

လက်ရှိတွေ့ကြုံနေရတဲ့ စီးပွားရေးအကျပ်အတည်းနှင့်ပတ်သက်ပြီး  ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက မိမိတို့ အနေနဲ့ သိပ်မကြာမီကာလမှာ ပုံမှန်အခြေအနေအတိုင်း ပြန်လည်ထိန်းသိမ်းနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောဆိုခဲ့တာရှိပါတယ်။

ဒါနဲ့ပတ်သက်ပြီး  စီးပွားရေးလေ့လာသုံးသပ်သူကတော့ “အဓိကကတော့ ဘဏ်လုပ်ငန်းတွေပေါ့။ ဘဏ်လုပ်ငန်းတွေက အဆင်ပြေပြီလားပေါ့နော်။ ငွေကြေးလဲလှယ်တဲ့စျေးကွက်မှာကော တည်ငြိမ်မှုရှိပြီလား။ အဲ့ဒါတွေပြန်ကြည့်တဲ့အခါမှာ မလုပ်နိုင်ဘူးဖြစ်နေတယ်။ ဘယ်လိုမျှမထိန်းချုပ်နိုင်ဘူးဖြစ်နေတယ်။ စီးပွားရေးကျဆင်းမှုကလည်း တော်တော်ကြီး မားတယ်လေ။ World Bank က ၁၈ ရာခိုင်နှုန်းကျော်ကျမယ်လို့ ပြောထားတာရှိတယ်။ တခြားကျန်တဲ့အဖွဲ့ အစည်းတွေ ကလည်း ပြောထားတာရှိတယ်လေ။ ဆိုတော့ ဒီအညွှန်းကိန်းတွေကို ပြန်ကြည့်မယ်ဆိုရင် နောက်လတွေကျရင် ပုံမှန် ပြန်ဖြစ်မယ် ဆိုတာမျိုးက ဘယ်လိုမဖြစ်နိုင်ဘူး။ ပြည်ပက စီးပွားရေးသမား ပဲဖြစ်ဖြစ်၊ ပြည်တွင်းက စီးပွားရေးသမားပဲ ဖြစ်ဖြစ်ပေါ့ ရင်းနှီးမြှုပ်နှံမှုလုပ်မယ်ဆိုရင် အခြေအနေတွေက တည်ငြိမ်ပြီလား။ သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုပစ္စည်းတွေ ဆုံးရှုံး သွားနိုင်မလားပေါ့နော်။ ပြီးတော့ ငွေကြေးလဲလှယ်ရတာကလည်း ခက်ခဲနေတာလေ။ ဘဏ်စနစ်တွေကလည်း ပုံမှန် မလည်ပတ်ဘဲနဲ့တော့ စီးပွားရေးက ဘယ်လိုမျှ မလွယ်နိုင်ဘူးလို့ထင်တယ်”လိူ့ ပြောပါတယ်။

စစ်ကောင်စီခန့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက တော့ မြန်မာနိုင်ငံမှာ နိုင်ငံခြားအရန်ငွေကလည်း ဗဟိုဘဏ်ရဲ့ တရားဝင်နှုန်းအရ ကျပ် ၁၁ ထရီလီယံ နဲ့ညီမျှတဲ့ ဒေါ်လာ ၆ ဒသမ ၀၄ ဘီလီယံရှိပြီး  မြန်မာကျပ်ငွေ တည်ငြိမ်ဖို့နဲ့  ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးကတည်းက အကျပ်အတည်းဖြစ်နေတဲ့ တိုင်းပြည်စီးပွားရေးကို ပံ့ပိုးဖို့ စစ်ကောင်စီက အစွမ်းကုန် ကြိုးစားနေတယ်လို့လည်း ပြောပါတယ်။

Photo- Credit

1 year Ago
Up