စိတ်ကြွဆေးပြားများ ဖမ်းမိ

August 8, 2017

ကလေးမြို့တွင် သိန်း ၁၂၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ

ကလေးမြို့အနောက်ခြမ်း ကြို့သုံးပင်ရပ်ကွက်မှာ 88/1 အမှတ်တံဆိပ်ပါ ကာလပေါက်ဈေး သိန်း ၁၂၀ ကျော် ပန်းရောင်စိတ်ကြွဆေးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ တာဟန်း နယ်မြေကင်းစခန်းမှူး ရဲအုပ်လှဟန်က ပြောပါတယ်။ “ဖမ်းမိဖို့အတွက် ရဲတပ်ဖွဲ့ဝင်တဦးကို ဝယ်လက်အသွင်ဆောင် ဆက်သွယ်ပြီး မနေ့ညကတည်းက ဆောင်ရွက်တယ်။ ဒါပေမယ့် အဆင်မပြေဘဲ ဒီနေ့ မနက် ၇ နာရီကျမှ ဖမ်းဆီးမိခဲ့တာပါ” လို့ ရဲအုပ်လှဟန်က ဆိုပါတယ်။ ဆေးပြားတွေကို ကြို့သုံးပင်ရပ်ကွက် နယ်မြေ-၁ ဦးဝုန်ဆွမ်းပေါင် အိမ်မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပြီး ဆေးပြား ၃၅၂၀ နဲ့အတူ မဆွန်လော့ကျိန် (ခ) အစိုး အပါအဝင် ဦးဝုန်ဆွမ်းပေါင်ကိုပါ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဆေးပြား ၁ ပြား တန်ဖိုး ၃၅၀၀ ကျပ်နှုန်းနဲ့ သိန်း ၁၂၀ ကျော်တန်ဖိုးရှိ ပန်းရောင်စိတ်ကြွဆေးပြားတွေကို ခုပ်ပီး (ခ) သူရအောင်က ရောင်းချကြေးငွေ ၅၀,၀၀၀ ကျပ်ပေးပြီး တဆင့်ရောင်းစေခဲ့တာ ဖြစ်ပြီး ရောင်းချခိုင်းသူ ခုပ်ပီး (ခ) သူရအောင်ကတော့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့လည်း သိရပါတယ်။ ဆေးပြားတန်ဖိုး စုစုပေါင်း ၁၂၃ သိန်း ၂ သောင်းကျပ် တန်ဖိုးနဲ့အတူ ဆင်းကတ် ၂ ကတ်သုံး ဟွာဝေးတံဆိပ်ပါ ဟန်းဆက်တလုံးကိုပါ သိမ်းဆည်းခဲ့ပြီး ပါဝင်ပတ်သက်သူ ၃ ဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မနဲ့ ကလေးမြို့မရဲစခန်းက အရေးယူ ဆောင်ရွက်နေပါတယ်။ သတင်း - မင်းရဲစစ်နိုင်
4 years Ago

July 11, 2017

ဗန်းမောက်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကြွဆေးပြားများ ဖမ်းမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ် မံအင်မင်းကုန်းကျေးရွာအုပ်စု အရှေ့ကုန်း ကူးဆိပ်ရွှေမှော်မှာ ဇူလိုင်လ ၁၀ ရက်နေ့ မနက်ပိုင်းအချိန်က မူးယစ်ဆေးဝါးများ ဖမ်းမိခဲ့ပါတယ်။ ကသာ မူးယစ်တပ်ဖွဲ့စု-၆ မှ ဒုရဲမှူးမြင့်နိုင်ဦးက အနီးကပ်ကြီးကြပ်ပြီး ရဲအုပ်ကျော်စိုးလင်း ဦးစီးအဖွဲ့က မူးယစ်ဆေးဝါး ရောင်းချတဲ့ တဲထဲကို ဝင်ရောက်ရှာဖွေရာ ရွှေမောင်၊ ကျော်မြင့်၊ စောမြင့်အောင်၊ ချစ်တင်တို့ ၄ ဦးနဲ့အတူ WY စာတန်းပါ အနီရောင် စိတ်ကြွဆေးပြား ၁၇၄ ပြား၊ ဘိန်းဖြူ ၁ ဂရမ်ခန့်ပါ ကော်ဘူး ၁ ဘူး၊ ဘိန်းဖြူ ၁ ဒသမ ၁ ဂရမ်ခန့်ပါ ပင်နယ်ဆလင် ပုလင်း ၁ လုံးနဲ့ စိတ်ကြွဆေးပြား သုံးစွဲရာမှာ အသုံးပြုတဲ့ ကိရိယာ ၅ ဘူးတို့ကို ဖမ်းမိခဲ့ပါတယ်။ သူတို့ ၄ ဦးကို မေးမြန်းရာ အခုဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေကို ဖိုးချိုဆီက ဝယ်ယူခဲ့တာ ဖြစ်ပြီး အရှေ့ကုန်းကျေးရွာနေ ဖိုးတုတ်က ရောင်းချခိုင်းထားတာ ဖြစ်တယ်လို့ ထွက်ဆိုချက်အရ ဖိုးတုတ်ရဲ့ နေအိမ်ကို ဆက်လက်ရှာဖွေရာ ဖိုးတုတ်နဲ့ ဖိုးချိုတို့ နှစ်ဦးကို တွေရှိခဲ့ပါတယ်။ ဖိုးတုတ် ကိုင်ထားတဲ့ D-2 တံဆိပ်ပါ အနက်ရောင် ကျောပိုးအိတ်ထဲက ဘိန်းဖြူ ဆပ်ပြာခွက် တခွက်မှာ ၁၁ ဂရမ်ခန့်စီပါ ဆပ်ပြာခွက် ၄၂ ခွက်၊ ၀ ဒသမ ၃ ဂရမ်ခန့်စီပါ ပင်နယ်ဆလင် ပုလင်း ၅ လုံး၊ ၄ ဒသမ ၆ ဂရမ်ခန့်ပါ ပလတ်စတစ် ကော်ဘူး ၁ ဘူး စုစုပေါင်း ဘိန်းဖြူ အလေးချိန် ၄၆၈ ဒသမ ၁ ဂရမ်ခန့် ဖမ်းမိခဲ့ပါတယ်။ ဒါ့အပြင် အပြာရောင်ပလတ်စတစ် ကပ်ခွာအိတ်ငယ်တွေနဲ့ ထည့်ထားတဲ့ WY စာတန်းပါ အနီရောင် စိတ်ကြွဆေးပြား တထုပ်ကို ၂၀၀ ပြားစီပါ အထုတ် ၆၀၊ စုစုပေါင်း စိတ်ကြွဆေးပြား ၁၂၀၀၀ ပြား၊ U.T.A Classic MCD AK 200 စာတန်းပါ အရှည် ၃ ပေ ၆ လက်မရှိ လေသေနတ် ၁ လက်၊ ငွေစက္ကူ သိန်း ၆၀ ကျပ်၊ ငွေစက္ကူရောရာ စုစုပေါင်း ကာလတန်ဖိုး ငွေကျပ် ၁၀၆၈ သိန်းကျပ်ခန့် ဖမ်းမိခဲ့တာပါ ။ အဲဒီမူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှာ နေထိုင်တဲ့ အောင်မင်းဆီက ငွေကျပ်သိန်း ၁၀၀ နဲ့ ဝယ်ယူခဲ့ပြီး ဇူလိုင်လ ၉ ရက်နေ့ညက မိုးမိတ်မြို့ကနေ သရက်ကုန်း ကူးဆိပ်ရွှေမှော်ကို ဆိုင်ကယ်နဲ့ သယ်ဆောင်သွားတာ ဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ အခုလို မူးယစ်ဆေးဝါးတွေကို ဖမ်းမိခဲ့တာနဲ့ပတ်သက်လို့ ကွင်းဆက်တရားခံ အောင်မင်းကို ဖမ်းဆီးရမိရေး ဆောက်ရွက်နေပြီး ရွှေမောင်၊ ကျော်မြင့်၊ စောမြင့်အောင်၊ ချစ်တင်၊ ဖိုးတုတ်၊ ဖိုးချိုတို့ ၆ ဦးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတတ်တဲ့ ဥပဒေ ပုဒ်မတွေအရ အမှုဖွင့် အရေးယူထားကြောင်း ကသာခရိုင် ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။ သတင်း - သီဟဆွေ
4 years Ago
More News
Up