စာသင်ကျောင်း

May 5, 2021

ကျောက်တံခါးမြို့နယ် ကျေးရွာစာသင်ကျောင်းဝင်းအတွင်းမှ စစ်တပ်က ရွာထဲကို ပစ်ခတ်ခြောက်လှန့်နေ

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်အတွင်းက ကျေးရွာစာသင်ကျောင်းတခုကို အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေ ရောက်ရှိလာပြီး အကြောင်းမဲ့ သေနတ်ပစ်ဖောက်နေတာကြောင့် ရွာသားတွေ စိုးရိမ်ထိတ်လန့်နေကြတယ်လို့  ဒေသခံတွေက ပြောပါတယ်။

မေ ၃ ရက်နဲ့ ၄ ရက် နှစ်ရက်ဆက်တိုက် စစ်ကောင်စီရဲ့တပ်တွေက ကျောက်တံခါးမြို့နယ် ကြို့ပင်ရိုးကျေးရွာ မူလွန်စာသင်ကျောင်းကို ရောက်ရှိလာပြီး ကျောင်းဝင်းအတွင်းကနေ  ပြည်သူအများ နေထိုင်တဲ့ ကျေးရွာဘက်ကို သေနတ်နဲ့ ခြောက်လှန့်  ပစ်ခတ်နေတာလို့ ဆိုပါတယ်။

အခုလို သေနတ်ပစ်ဖောက်နေတာဟာ ကျေးရွာနေပြည်သူတွေက ကျောင်းရှိ ဆရာ၊ ဆရာမတွေကို  CDM မှာ ဆက်လက်ပါဝင်ဖို့ တောင်းဆိုနေတဲ့အပေါ် ကျေးရွာအတွင်းမှ သတင်းပေးဒလန်လုပ်နေသူက  မြို့ပေါ်ရှိ စစ်တပ်ကို ဖုန်းဆက်တာကြောင့် ဖြစ်နိုင်တယ်လို့ ရွာသားတစ်ဦးက ပြောပါတယ်။

ကျောက်တံခါးမြို့နယ်မှာ CDM လုပ်တဲ့ ပညာရေးဝန်ထမ်းတွေ အားကောင်းခဲ့ပေမယ့် အလုပ်ထွက်ရင် ဖမ်းမယ်၊ သက်ပြည့်ပင်စင်ယူရင်ဖမ်းမယ်၊ CDM ဆက်လုပ်ရင် ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲမယ်ဆိုပြီး အကြမ်းဖက်စစ်အုပ်စုက ခြိမ်းခြောက်နေတာကြောင့် ပညာရေးဝန်ထမ်းတွေအကြား ဒွိဟစိတ်နဲ့ ကျောင်းပြန်တက်လိုသူတွေနဲ့ မတက်လိုသူတွေ ကွဲပြား နေပါတယ်။

2 weeks Ago

March 19, 2021

စာသင်ကျောင်းများမှ တပ်များဖယ်ရှားပေးရန် Save the Children နှင့် ကုလအေဂျင်စီများတောင်းဆို

မြန်မာနိုင်ငံမှာ လုံခြုံရေးတပ်ဖွဲ့တွေက စာသင်ကျောင်းတွေမှာ တပ်စွဲထားတာဟာ ကလေးသူငယ်အခွင့်အရေးကို ကြီးလေးစွာချိုးဖောက်မှုဖြစ်တာမို့ ချက်ချင်းဖယ်ရှားပေးကြဖို့နဲ့ အသုံးမပြုကြဖို့ Save the Children ၊ ယူနက်စကိုနဲ့ ယူနီဆက်အဖွဲ့တို့မှ ပူးတွဲ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နေရာအနှံ့ ကျောင်းတွေပိတ်ထားကြရတဲ့ အကျိုး ဆက်ကြောင့် ဖိစီးမှုတွေ ကြုံနေကြရတဲ့ မြန်မာနိုင်ငံမှ ကလေးသူငယ်တွေနဲ့ လူငယ် ၁၂ သန်းနီးပါးအတွက် ခုလိုကိစ္စရပ်တွေဟာ သင်ယူလေ့လာရေး အကျပ်အတည်းကို ပိုမို ဆိုးရွားသွားစေနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ တပ်စွဲထားတဲ့ အဆောက်အအုံ ဥပစာတွေကနေ ချက်ချင်းဖယ်ရှားပေးကြဖို့နဲ့ ကျောင်းတွေ၊ ပညာရေးအဆောက်အအုံတွေကို စစ်တပ်၊ ဒါမှမဟုတ် လုံခြုံရေး ဝန်ထမ်းတွေအနေနဲ့ အသုံးမပြုကြဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

ဒီကနေ့ မတ် ၁၉ ရက်အထိ ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၃ ခုမှာ လုံခြုံရေး တပ်ဖွဲ့ တွေဟာ စာသင်ကျောင်းနဲ့ တက္ကသိုလ်ပရိဝုဏ် ၆၀ ကျော်မှာ တပ်စွဲထားတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေဟာ အဆောက်အအုံ ဥပစာတွေအတွင်း ဝင်ရောက်ချိန်မှာ ဆရာ/ဆရာမ ၂ ဦးကို ရိုက်နှက်ပြီး တခြားလူပေါင်းများစွာကို ထိခိုက်ဒဏ်ရာတွေ ရရှိ စေခဲ့ကြောင်းနဲ့ ဆေးရုံတွေအပါအဝင် တခြားအများပြည်သူပိုင်အဆောက်အအုံတွေမှာ လည်း တပ်စွဲထားကြတယ်လို့ ဆိုပါတယ်။

ဒါဟာ လက်ရှိအကျပ်အတည်း ဆက်လက်အရှိန်မြင့်တက်လာ‌တာကိုပြနေပြီး ကလေးသူငယ် အခွင့်အရေးတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်ရာရောက်ကြောင်းနဲ့ ဘယ်လိုအခြေအနေမျိုးမှာမှ ကျောင်းတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အသုံးမပြုရဘူးလို့ ဆို ပါတယ်။

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူညီချက်စာချုပ်(CRC)၊ မြန်မာ နိုင်ငံ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့် အမျိုးသားပညာရေးဥပဒေတွေ မှာ ဖော်ပြပါရှိတဲ့ မြန်မာနိုင်ငံရှိ ကလေးသူငယ်တွေနဲ့ လူငယ်တွေရဲ့ အခွင့်အရေးများ အားလုံးကို စောင့်ထိန်းလိုက်နာရမယ့် ဝတ္တရားတွေကို လုံခြုံရေးတပ်ဖွဲ့တွေအားလုံးက စောင့်ထိန်းလိုက်နာကြဖို့လည်း သတိပေးထားပါတယ်။

အမြင့်ဆုံးကန့်သတ်ထိန်းချုပ်မှုကို ကျင့်သုံးဖို့နဲ့ ပညာရေးဆိုင်ရာ အဆောက် အအုံတွေ၊ ဝန်ထမ်းတွေ၊ ကျောင်းသားတွေနဲ့ တခြားအများပြည်သူပိုင် အဆောက်အအုံ တွေကို သိမ်းပိုက်တာနဲ့ ဝင်ရောက်နှောက်ယှက်တဲ့ ပုံစံမျိုးစုံကို အဆုံးသတ်ဖို့ တောင်းဆို ကြောင်းလည်း   ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့ကို စစ်တပ်က အဓမ္မဖမ်းဆီးပြီး အာဏာသိမ်းမှုအပြီး နိုင်ငံတဝန်း လူထုဆန္ဒပြပွဲတွေ ပိုမို မြင့်တက်လာနေခဲ့တာပါ။

ဒီဆန္ဒပြပွဲတွေမှာ ကျောင်းသားလူငယ်တွေအပါအဝင် ပြည်သူတွေ ပါဝင်နေကြပြီး စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ကျဆုံးရသူတွေ ၂၀၀ ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)ရဲ့ စာရင်း ပြုစုမှုအရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ ရက်အထိ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲတွေအတွင်း မတရားအကြမ်းဖက်ဖြို ခွင်းမှုတွေကြောင့် ကျဆုံးသူဦးရေဟာ ၂၂၄ ယောက်နဲ့ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ စုစုပေါင်း ၂၂၅၈  ယောက်ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

2 months Ago
More News
Up