စာနယ်ဇင်းသမား

May 3, 2019

ဒီမိုကရေစီကို ကာကွယ်သည့် စာနယ်ဇင်းသမားများဖြစ်အောင် ကြိုးစားရန် သမ္မတ တိုက်တွန်း

စာနယ်ဇင်းသမားတွေအနေနဲ့ မီဒီယာဆိုင်ရာ အရည်အသွေးတွေကို အစဉ်တစိုက် ကြိုးပမ်းမြှင့်တင်ကြပြီး ဒီမိုကရေစီရေးကို ကာကွယ်တဲ့ စာနယ်ဇင်းသမားတွေ ဖြစ်အောင် ကြိုးစားကြဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းလိုက်ပါတယ်။ ဒီကနေ့ မေလ ၃ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ (World Press Freedom Day) အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ သမ္မတက တိုက်တွန်း ပြောသွားတာပါ။ ပြည်သူလူထုအကြား ဒီမိုကရေစီ အသိပညာတွေ ပြန့်ပွားဖို့ စာနယ်ဇင်းသမားတွေ အနေနဲ့ ပံ့ပိုးကူညီပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရေးမှာ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြဖို့လည်း သမ္မတက တိုက်တွန်းပါတယ်။ အစိုးရအနေနဲ့ လွတ်လပ်တဲ့မီဒီယာနဲ့ ဒီမိုကရေစီဟာ အစဉ်အမြဲ ယှဉ်တွဲနေတယ်လို့ ယုံကြည်တဲ့အကြောင်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ မီဒီယာရဲ့ "အား" မလွဲမသွေ လိုအပ်တယ်လို့ ခံယူပြီး ဒီမိုကရေစီစနစ် အားကောင်းဖို့ မီဒီယာလွတ်လပ်ခွင့် မရှိမဖြစ် အရေးကြီးတာကို အသိအမှတ် ပြုတယ်လို့လည်း သမ္မတက ဆိုပါတယ်။ မီဒီယာတွေအနေနဲ့ သတင်းအချက်အလက် တိကျမှန်ကန်မှုရှိရေး၊ ပဋိပက္ခ ဖြစ်စေနိုင်တဲ့ လှုံ့ဆော်ရေးသားမှုနဲ့ သတင်းရေးသားသူရဲ့ ထင်မြင်ယူဆချက်၊ အာဘော် လုံးဝမပါရှိစေရေးတို့ကို စိစစ်ရွေးချယ် ဖော်ပြခြင်းဖြင့် ပြည်သူလူထု လိုလားတောင့်တနေသော ဒီမိုကရေစီခရီးကို အထောက်အပံ့ ပေးစေလိုတယ်လို့လည်း သမ္မတရဲ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။ မေလ ၃ ရက်ကို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့အဖြစ် ၁၉၉၃ ခုနှစ်မှာ ကုလသမဂ္ဂ အထွေထွေညီလာခံက အတည်ပြု သတ်မှတ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားကို ၂၀၁၂ ခုနှစ်က စတင်ကျင်းပခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အဆင့်ဟာ နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၃၈ မှာ ရပ်တည်နေပြီး မနှစ်ကထက် အဆင့်တဆင့် ကျဆင်းသွားတယ်လို့ ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ဧပြီ ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။ လက်ရှိအစိုးရလက်ထက်မှာ တရားစွဲဆိုခံထားရတဲ့ သတင်းသမား အမှုပေါင်း ၃၁ မှုရှိပြီး တရားရင်ဆိုင်နေရတဲ့ သတင်းသမား ၄၇ ဦးရှိတယ်လို့ အသံအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲဒီထဲကမှ အစိုးရဝန်ထမ်းတွေက တရားစွဲဆိုထားတဲ့အမှု ၁၈ မှု၊ တပ်မတော်က တရားစွဲဆိုထားတဲ့အမှု ၄ မှုနဲ့ တခြားသူတွေက တရားစွဲဆိုတဲ့အမှု ၉ မှုတို့ ပါဝင်ပါတယ်။
2 years Ago

September 3, 2015

အမြဲတမ်း စာနယ်ဇင်းကောင်စီ ၂ လအတွင်း ဖွဲ့မည်

အမြဲတမ်း စာနယ်ဇင်းကောင်စီ ဖွဲ့နိုင်ဖို့အတွက် ကောင်စီရွေးချယ်တင်မြှောက်ရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲတခု ရန်ကုန်မှာလုပ်ခဲ့ပြီး ကောင်စီကို ၂ လအတွင်း ဖွဲ့နိုင်ဖို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ရန်ကုန်စီးပွားရေးတက္ကသိုလ် အငြိမ်းစားပါမောက္ခချုပ် ဦးမော်သန်း ခေါင်းဆောင်တဲ့ ကောင်စီရွေးချယ်တင်မြှောက်ရေးအဖွဲ့က သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာဖြစ်ပြီး အဖွဲ့ဝင် ၂၉ ဦးပါ အမြဲတမ်းစာနယ်ဇင်းကောင်စီ ဖွဲ့စည်းမယ့်အကြောင်း အသိပေး ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲတက်ခဲ့တဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးမြင့်ကျော်က ကောင်စီအဖွဲ့ ရွေးချယ်မယ့် အစီအစဉ်ကို ခုလို ပြောပါတယ်။ “ဘယ်လို ရွေးမှာလဲဆိုတော့ သတင်းသမားတွေရယ်၊ စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာ၊ နောက် တတ်သိပညာရှင်တို့၊ ရှေ့နေတို့ ပြီးတော့ ပုံနှိပ်ထုတ်ဝေသူတွေ၊ နောက် လွှတ်တော်နှစ်ရပ်နဲ့ သမ္မတရုံးကိုယ်စားပြု တယောက်စီ ၃ ယောက်ပေါ့၊ အားလုံးပေါင်း ၂၉ ယောက်။” ကောင်စီဝင် ၂၉ ဦးကို သတင်းသမားက ၁၄ ဦး၊ သမ္မတရုံးနဲ့ လွှတ်တော်နှစ်ရပ်က ၃ ဦး၊ ရှေ့နေ၊ တတ်သိပညာရှင်နဲ့ စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာတွေအုပ်စုက ၁၂ ဦးနဲ့ ဖွဲ့စည်းမယ်လို့ ပြောပါတယ်။ သတင်းမီဒီယာဆိုင်ရာ အဖွဲ့အစည်းတွေ၊ စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာ အဖွဲ့အစည်းတွေက ဆိုင်ရာအဖွဲ့အစည်းအလိုက် ကိုယ်စားလှယ် ရွေးချယ်ကြရမှာ ဖြစ်ပါတယ်။ အဖွဲ့အစည်းဝင် အနည်းဆုံး ၁၀၀ ရှိပြီး အဖွဲ့သက်တမ်း အနည်းဆုံး ၁ နှစ်ရှိတဲ့ အဖွဲ့တွေက အဖွဲ့တွင်း ကိုယ်စားလှယ်ကို ၁ လအတွင်း ရွေးချယ်ပြီး ရွေးကောက်တင်မြှောက်ရေးအဖွဲ့ကို တင်ပြကြရမှာ ဖြစ်ပါတယ်။ အဖွဲ့ဝင် ၁၀၀ မရှိတဲ့ အဖွဲ့တွေက တသီးပုဂ္ဂလအနေနဲ့ စာရင်းတင်နိုင်ပြီး သတင်းလုပ်သက် ၁၀ နှစ်ရှိဖို့ လိုတယ်ဆိုတဲ့ ကန့်သတ်ချက်တော့ ရှိပါတယ်။ ရွေးကောက်တင်မြှောက်ရေးအဖွဲ့က သတင်းအဖွဲ့အစည်းတွေနဲ့ တသီးပုဂ္ဂလတို့က တလအတွင်း တင်သွင်းလာတဲ့ ကိုယ်စားလှယ်စာရင်းကို ကြေညာပြီး ၂၉ ဦးထက် ကျော်လွန်များပြားနေရင် ရွေးကောက်ပွဲလုပ်ပြီး ရွေးချယ်မှာ ဖြစ်ပါတယ်။ အမြဲတမ်းစာနယ်ဇင်းကောင်စီဟာ အဓိကအားဖြင့် စာနယ်ဇင်းတွေမှာ ရေးသားဖော်ပြမှုနဲ့ ပတ်သက်ပြီး တိုင်ကြားမှုတွေ ရှိလာရင် ကြားဝင်ဖြေရှင်း လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ စာနယ်ဇင်းကောင်စီ (ယာယီ) ကို သမ္မတဦးသိန်းစိန်က ၂၀၁၁ ခုနှစ်အတွင်းမှာ ဖွဲ့စည်းပေးခဲ့တာဖြစ်ပြီး ကောင်စီဟာ စာနယ်ဇင်းသမားတွေကို ထိထိရောက်ရောက် အကာအကွယ် မပေးနိုင်ဘူးလို့ ဝေဖန်ပြစ်တင်မှုတွေ ရှိခဲ့ပါတယ်။
6 years Ago
Up