စာစစ်ဌာန

March 11, 2019

အင်းစိန်အကျဉ်းထောင် စာစစ်ဌာနတွင် ကျောင်းသား ၇၃ဦး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆို

အခုနှစ်ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို အင်းစိန်အကျဉ်းထောင် စာစစ်ဌာနကနေ ဝင်ရောက်ဖြေဆိုတဲ့ ကျောင်းသား၊ကျောင်းသူဦးရေ ၇၃ ဦးရှိပြီး ဒီနှစ်မှာ အောင်ချက်ကောင်းမွန်ဖို့ မျှော်မှန်းထားတယ်လို့ အ.လ.က (၁၃) အင်းစိန်ကျောင်းအုပ်ဆရာကြီးက ပြောပါတယ်။ အကျဉ်းထောင်ကနေ ဝင်ရောက်ဖြေဆိုတဲ့ ကျောင်းသားတွေ စာမေးပွဲ အဆင်ပြေပြေ ဖြေဆိုနိုင်ဖို့ ကျောင်းသားတွေကို စာသင်နှစ်အစပိုင်းကနေ သေချာ သင်ကြားပေးထားတယ်လို့ ကျောင်းအုပ်ဆရာကြီး ဦးသန်းထွန်းက ပြောပါတယ်။ စာသင်ကြားတာတွေကိုတော့ အကျဉ်းထောင်ထဲမှာ အကျဉ်းကျနေတဲ့ ဘွဲ့ရဆရာတွေ၊ အ.ထ.က(၁) အင်းစိန်က ဆရာ၊ ဆရာမတွေ၊ ပရဟိတ ဆရာတွေက လာရောက်သင်ပြပေးပါတယ်။ အကျဉ်းကျနေတဲ့ ဆယ်တန်းကျောင်းသားတွေကို အကျဉ်းထောင်ထဲမှာ စာကို တစိုက်မတ်မတ် လေ့လာခိုင်းထားပြီး တခြားအလုပ်တွေ လုပ်ခွင့်မပေးထားဘူးလို့ သိရပါတယ်။ အင်းစိန်အကျဉ်းထောင်စာစစ်ဌာနကနေ စာမေးပွဲဖြေဆိုနေတဲ့ ကျောင်းသားအချို့ကတော့ အင်္ဂလိပ်စာဘာသာရပ်မှာ အနည်းငယ်မဖြေနိုင်တာတွေရှိပါတယ်။ အကျဉ်းကျနေတဲ့ ကျောင်းသားတွေအတွက် အင်းစိန်အကျဉ်းထောင်၊ မန္တလေး ဗဟိုအကျဉ်းထောင်၊ ကသာအကျဉ်းထောင်၊ ဘားအံအကျဉ်းထောင်၊ မြိတ်အကျဉ်းထောင်၊ တောင်ငူအကျဉ်းထောင်၊ သရက်အကျဉ်းထောင်နဲ့ လွိုင်ကော်အကျဉ်းထောင်တွေမှာ မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနကနေ စာစစ်ဌာနတွေကို ဖွင့်လှစ်ပေးထားတာဖြစ်ပြီး ဒီနှစ် ဖြေဆိုသူပေါင်း ၁၇၅ ဦး ရှိပါတယ်။ သတင်း---ဆုဆုသွယ်
2 years Ago

December 22, 2018

တက္ကသိုလ်ဝင်စာမေးပွဲအတွက် လေ့လာနိုင်ရန် မေးခွန်းဟောင်းများ စာစစ်ဌာနထုတ်ပြန်

လာမယ့် မတ်လ ကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် လေ့လာနိုင်ဖို့ မေးခွန်းဟောင်းတွေကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက သူတို့ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ပြည်တွင်း ပြည်ပမေးခွန်းတွေကို ဖော်ပြထားတာဖြစ်ပြီး ဘာသာရပ်တခုစီအလိုက် ဒေါင်းလုဒ် ရယူနိုင်ပါတယ်။ အခု ကြည့်ရသလောက် တခြားနှစ်တွေအတွက် အဆင်ပြေပေမယ့် ၂၀၁၈ ခုနှစ် ပြည်ပ မေးခွန်းဟောင်းတွေကိုတော့ ဖွင့်လို့မရတာ တွေ့ရပါတယ်။ လာမယ့် တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ ၆ ရက်ကနေ ၁၅ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။ မေးခွန်းဟောင်းများကြည့်ရန် အောက်ကလင့်ကို နှိပ်ပါ http://myanmarexam.org/questions
2 years Ago
Up