စပိန်စစ်သင်္ဘော

February 19, 2019

ဗြိတိန်ရေပိုင်နက်ထဲ ကျောက်ချထားသည့် ကုန်သင်္ဘောများ ထွက်သွားရန် စပိန်စစ်သင်္ဘောတစီး ကြိုးစား

စပိန်စစ်သင်္ဘောတစီးက ဂျီဘရော်တာ ရေလက်ကြားနားက ဗြိတိန်ရေပိုင်နက်ထဲမှာ ကျောက်ချထားတဲ့ ကုန်သင်္ဘောတွေကို ထွက်သွားခိုင်းဖို့ ဖေဖော်ဝါရီ ၁၇ ရက်က ကြိုးစားခဲ့တယ်လို့ ဂျီဘရော်တာ အာဏာပိုင်တွေက ပြောပါတယ်။ ဒါပေမယ့် ဗြိတိန်ရေတပ်က စိန်ခေါ်ပြီး စပိန်စစ်သင်္ဘောကို မောင်းထုတ်ခဲ့ရာမှာ စစ်သင်္ဘောပေါ်က လက်နက်တွေကို မဖုံးကွယ်ဘဲ ကမ်းရိုးတန်းတလျှောက် ခပ်ဖြည်းဖြည်း ထွက်သွားခဲ့တာပါ။ ဥရောပသမဂ္ဂကနေ ဗြိတိန် နုတ်ထွက်မယ့် ဘရက်ဇစ် နောက်ဆုံးနေ့ နီးကပ်လာချိန်မှာ အခြေအနေ တင်းမာနေတဲ့ ဥပမာပဲလို့ သုံးသပ်နေကြပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စပိန်အာဏာပိုင်တွေက မှတ်ချက်တစုံတရာ မပေးသေးပါဘူး။ စပိန်နိုင်ငံ တောင်ပိုင်း ကျွန်းဆွယ်တလွှားက ရေပိုက်နက်နဲ့ ပတ်သက်ပြီး စပိန်နဲ့ ဗြိတိန် သင်္ဘောတွေကြား တင်းမာမှုတွေ မကြာခဏ ပေါ်ပေါက်လေ့ ရှိပါတယ်။ အတ္တလန္တိတ် သမုဒ္ဒရာနဲ့ မြေထဲပင်လယ်ကြားက ဂျီဘရော်တာ ရေလက်ကြားကို ဗြိတိန်က ၁၇၁၃ ခုနှစ်တည်းက အုပ်ချုပ်ခဲ့ပါတယ်။ ဗြိတိန်က ဥရောပကနေ ခွဲထွက်ရင် စပိန်နဲ့ ပင်လယ်ရော ကုန်းမြေပါ ထိစပ်နေတဲ့ ဒီနယ်မြေမှာ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ရမလားဆိုတာ ဒေသခံ အယောက် ၃ သောင်းလောက်က အာရုံစိုက်နေကြတာပါ။ စပိန်ကတော့ ဂျီဘရော်တာအရေး ဘရက်ဇစ် အနာဂတ် အစီအစဉ်တွေကို ဗီတိုအာဏာသုံးဖို့ ပြင်ဆင်ထားပြီးပါပြီ။ စပိန်ဝန်ကြီးချုပ် ပေဒရို ဆန်းချက်ဇ်ကလည်း ဒီအရေးနဲ့ပတ်သက်ပြီး နိုဝင်ဘာမှာ သဘောတူညီချက် ရပြီးပြီ၊ စပိန်ဟာ ဘရက်ဇစ်ပြီးရင် ဒီဒေသနဲ့ ပတ်သက်ပြီး ပူးတွဲအချုပ်အခြာရဖို့ ကြိုးစားနေတယ်လို့ ပြောခဲ့ပါတယ်။
2 years Ago
Up