စပါးစ်

February 14, 2019

စပါးစ်က ဒေါ့မန်ကို ၃ ဂိုးပြတ် အနိုင်ရ(ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံလိဂ် ပထမအကျော့ပွဲစဉ်မှာ တော့တင်ဟမ် ဟော့စပါးစ်က ဒေါ့မန်ကို ၃ ဂိုးပြတ်နဲ့နိုင်ပြီး နောက်တဆင့်အတွက် အခြေအနေ ကောင်းသွားပါတယ်။ ဒီပွဲမှာ နှစ်သင်းစလုံးက အဓိက ကစားသမားတချို့ဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်း မရှိပါဘူး။ စပါးစ်အတွက် ဦးဆောင်ဂိုးကို ၄၇ မိနစ်မှာ ဆွန်ဟိုင်မင်းက သွင်းယူပါတယ်။ ခြေစွမ်း မကွာတဲ့ နှစ်သင်းဆုံတာဖြစ်လို့ ဘောလုံးပိုင်ဆိုင်မှု မကွာသလို ထိုးဖောက်ကန်သွင်းခွင့်လည်း အပြန်အလှန် ရခဲ့ပါတယ်။ စပါးစ်အတွက် ဒုတိယဂိုးကို ၈၃ မိနစ်မှာ ဗာတိုဂန်၊ တတိယဂိုးကို ၈၆ မိနစ်မှာ လောရန်တီက သွင်းယူပါတယ်။ ဒီပွဲမှာ စပါးစ်က ဗန်တိုဂန် ခြေစွမ်းပြနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်းခံရပါတယ်။ မတ်လ ၅ ရက်နေ့ ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဉ်မှာတော့ ဒေါ့မန်က အိမ်ကွင်းမှာ စပါးစ်ကို ဧည့်ခံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
2 years Ago

May 19, 2017

လာမည့်ရာသီတွင် အဲရစ်ဒိုင်ယာနှင့် ကိုင်လီဝေါ်ကာတို့ စပါးစ်အသင်းမှ ထွက်ခွာဖွယ်ရှိ

စပါးစ်ကစားသမား ၂ ဦးဖြစ်တဲ့ အဲရစ်ဒိုင်ယာနဲ့ ကိုင်လီဝေါ်ကာတို့ ၂ ဦးဟာ လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ ရှိနေပါတယ်။ အင်္ဂလန်လက်ရွေးစင် အဲရစ်ဒိုင်ယာကို မန်ယူအသင်းက ခေါ်ယူလိုနေပြီး  လက်ရှိလုပ်ခထက် ပိုမိုများပြားတဲ့လစာနဲ့ ကမ်းလှမ်းဖို့ရှိနေတာကြောင့် ကစားသမားကိုယ်တိုင်ကလည်း အသင်းပြောင်းရွှေ့လိုတယ်လို့ သည်ဆန်းသတင်းစာက ရေးသားခဲ့ပါတယ်။ စပါးစ်အသင်းမှာ ခြေစွမ်းပြနေတဲ့ အဲရစ်ဒိုင်ယာဟာ တပတ်ပေါင် ၆ သောင်းခွဲပဲ ရရှိနေတာဖြစ်ပြီး မန်ယူအသင်းက တပတ်လုပ်ခ ပေါင် ၁ သိန်း ၂ သောင်းကျော် ပေးချေဖို့ အသင့်ရှိနေတာပါ။ ညာနောက်ခံကစားသမား ကိုင်လီဝေါ်ကာကို မန်စီးတီးအသင်းက ခေါ်ယူလိုနေပါတယ်။ လက်ရှိအချိန်မှာ ဝေါ်ကာဟာ ပွဲထွက်ခွင့် ဆုံးရှုံးနေတာကြောင့် သူ့အနေနဲ့ အသင်းပြောင်းရွှေ့လိုတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဘယ်နောက်ခံကစားသမား ဒယ်နီရို့စ်လည်း စပါးစ်အသင်းကနေ ထွက်ဖို့ရှိပေမယ့် ဒူးဒဏ်ရာ ခွဲစိတ်ကုသရမှာဖြစ်လို့ ပြန်ကစားနိုင်မယ့် အချိန်ကျမှ အသင်းပြောင်းရွှေ့ဖို့ ရှိနေတာပါ။ ကစားသမား အပြောင်းအရွှေ့တွေနဲ့ပတ်သက်ပြီး စပါးစ်အသင်းဘက်ကတော့ ဘယ်ကစားသမားကိုမှ ရောင်းချမှာမဟုတ်ဘူးလို့ ဖြေရှင်းထားပါတယ်။
4 years Ago

လက်စတာကို ဂိုးဒါဇင်ဝက်သွင်းပြီး စပါးစ် အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ်အဖြစ် လက်ရှိချန်ပီယံ လက်စတာနဲ့ တော့တင်ဟမ်ဟော့စပါးစ်တို့ မေလ ၁၈ ရက်က ယှဉ်ပြိုင်ရာ စပါးစ်က ၆ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲအရှုံးအနိုင်က နှစ်သင်းစလုံးအတွက် အရေးမပါတော့ပေမယ့်လည်း အဓိက ကစားသမားတွေနဲ့ ပွဲထွက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ လက်စတာကွင်းမှာ ယှဉ်ပြိုင်ရပေမယ့်လည်း စပါးစ်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ၆၃ ရာခိုင်နှုန်းအထိ ရခဲ့သလို ထိုးဖောက်ကန်သွင်းခွင့်မှာလည်း အသာစီးရခဲ့ပါတယ်။ စပါးစ်ဟာ ပွဲချိန်တလျှောက် တိုက်စစ်ဆင်ကစားခဲ့ပြီး တိုက်စစ်မှူး ဟယ်ရီကိန်းက ၄ ဂိုး၊ ဆွန်ဟောင်မင်က ၂ ဂိုး သွင်းယူပေးခဲ့ပါတယ်။ လက်စတာအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ဘန်ချီဝဲလ်က ပွဲချိန် ၅၉ မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲအတွက် အကောင်းဆုံးကစားသမားအဖြစ် တဦးတည်း လေးဂိုးသွင်းယူပေးခဲ့တဲ့ စပါးစ်တိုက်စစ်မှူး ဟယ်ရီကိန်းကို သတ်မှတ်ခဲ့ပါတယ်။ ဒီပွဲအနိုင်ရတဲ့ စပါးစ်က ရမှတ် ၈၃ မှတ်နဲ့ အမှတ်ပေးဇယား ဒုတိနေရာမှာပဲ ရပ်တည်နေပြီး လက်စတာကတော့ ၄၃ မှတ်နဲ့ အဆင့် ၁၁ မှာ ရှိနေပါတယ်။ ရာသီအပိတ် နောက်ဆုံးပွဲစဉ်အဖြစ် စပါးစ်က အဝေးကွင်းမှာ ဟားလ်စီးတီးနဲ့ လက်စတာက အိမ်ကွင်းမှာ ဘုန်းမောက်နဲ့ လာမယ့် မေလ ၂၁ ရက်နေ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
4 years Ago
More News
Up