စစ်အစိုးရ ပညာရေးစနစ်

February 6, 2021

စစ်အစိုးရ၏ပညာရေးစနစ်ကို စီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်ကျောင်းသားသမဂ္ဂ သပိတ်မှောက်

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်က ကျောင်းသား ကျောင်းသူတွေဟာ အာဏာသိမ်းစစ်အစိုးရအား အ​ကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement) ပြုလုပ်ပြီး ကျောင်းဆက်တက်​​ကြမှာ မဟုတ်ဘူးလို့ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် ကျောင်းသားသမဂ္ဂက ထုတ်ပြန်ပါတယ်။

မေဂျာအလိုက် ကျောင်းသား ကျောင်းသူများရဲ့ သဘောထားကို စစ်တမ်းကောက်ယူခဲ့တာဖြစ်ပြီး အများစုရဲ့ သဘောတူညီချက်နဲ့ စစ်အစိုးရရဲ့ ပညာရေးစနစ်ကို သပိတ်မှောက်ကြောင်း ထုတ်ပြန်ကြေညာတာလို့ သမဂ္ဂရဲ့ ဒုဥက္ကဋ္ဌ ကိုအံ့ဘုန်းက ပြောပါတယ်။

လူထုရွေးကောက်ခံ ပြည်သူ့အစိုးရကို အတင်းအကျပ်အာဏာသိမ်းတဲ့ စစ်အစိုးရရဲ့ ပညာရေးစနစ်ကို လုံးဝအယုံအကြည်မရှိလို့ ကျောင်းဆက်မတက်ဘဲ ကျောင်းသား/သူများ ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြကြတာလို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ ရွေးကောက်ခံအစိုးရကိုသာ အသိအမှတ်ပြုမှာဖြစ်ပြီး လက်ရှိအာဏာသိမ်းထားတဲ့ အစိုးရကို အသိအမှတ်မပြုဘူးလို့ ကျောင်းသား ကျောင်းသူတွေက ပြောပါတယ်။ 

ဒါ့အပြင် ဖမ်းဆီးထားတဲ့ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှာ စီးပွားရေးလုပ်ငန်းသုံးစီမံခန့်ခွဲမှုပညာ၊ လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာ၊ ခရီးသွားလုပ်ငန်းနှင့်ဧည့်ဝန်ဆောင်စီမံခန့်ခွဲမှုအတတ်ပညာနဲ့ သတင်းအတတ်ပညာ ဘာသာရပ် ၄ မျိုးနဲ့ ဖွင့်လှစ်သင်ကြားနေတာပါ။

10 months Ago
Up