စစ်သားသေ

October 27, 2021

တောင်တွင်းကြီးက အုန်းတော ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထဲ စစ်သား ၁ ဦး သေဆုံး

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့၊ အုန်းတော ၂ ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးမှာ အစောင့်တာဝန်ကျတဲ့ စစ်သား ၁ ဦးဟာ အောက်တိုဘာ ၂၇ ရက်နေ့ မနက်ပိုင်းက သေဆုံးနေတာတွေ့ရတယ်လို့ အဆိုပါရပ်ကွက်ရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

အုပ်ချုပ်ရေးမှူးရုံးနဲ့ နီးစပ်သူတဦးက “သေတဲ့သူနာမည်တော့ မပြောဘူးဗျ။ ညက သောက်စားပြီး အိပ်တာ။ မနက်ကျ မနိုးတော့မှ သေနေတာတွေ့တာ။ ရုံးထဲမှာက ညတိုင်း စစ်သား ၅ ယောက် ၆ ယောက်လောက်ရှိတယ်။” လို့ ပြောပြပါတယ်။

ရပ်ကွက်ရုံးအတွင်း စစ်သားသေဆုံးမှုနဲ့ပါတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ စစ်ကောင်စီကခန့်တဲ့ အုန်းတော ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဆွေဆီကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

သေဆုံးသွားတဲ့ ရဲဘော်အဆင့်ရှိသူဟာ အရင်ရက်ပိုင်းကမှ ကိုဗစ်ကာကွယ်ဆေးထိုးထားတာ ဆေးရုံနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

“တောင်တွင်းကြီး ဆေးရုံဝန်းအတွင်းမှာနေတဲ့ မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဝန်ထမ်းအမျိုးသမီး ၁ ဦးလည်း စက်တင်ဘာ ၁၇ ရက်နေ့က ကိုဗစ်ကာကွယ်ဆေးထိုးပြီး နေမကောင်းဖြစ်တာ ဆေးရုံတက်ရင်း ဆုံးသွားခဲ့သေးတယ်။ အဲဒိအကြောင်းသတင်းမထုတ်ပြန်ဖို့ စစ်ကောင်စီက ပိတ်ထားတယ်” အမည်မဖော်လိုတဲ့ ကျန်းမာရေးဝန်ထမ်းတဦးက ပြောပြပါတယ်။

တောင်တွင်းကြီးမြို့နယ်မှာ ကျန်းမာရေးဌာနမှတ်တမ်းတွေအရ ကိုဗစ်ကာကွယ်ဆေးထိုးပြီးသေဆုံးသူ ၂ ဦးရှိပြီး ယခုထက်များနိုင်တယ်လို့လည်း အဆိုပါကျန်းမာရေးဝန်ထမ်းက ဆက်လက်ပြောပြပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း အုန်းတော ၂ ရပ်ကွက်ရုံးမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက အရက်သေစာသောက်စားမူးရူးပြီး လူမဆန်စွာရိုက်နှက်ညှဉ်းပန်းလို့ ပြည်သူ ၁ ဦး သေဆုံးသွားခဲ့ပါသေးတယ်။

3 months Ago
Up