စစ်သည်များ၏ ဇနီးများ

October 27, 2021

စစ်ကောင်စီတပ်မှ စစ်သည်များ၏ ဇနီးများ ထွက်ပြေး

စစ်ကောင်စီလက်အောက်ခံတပ်တွေမှာ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ စစ်သားတွေသာမက သူတို့ရဲ့ဇနီးတွေပါ ထွက်ပြေးနေကြတယ်လို့ ပြည်သူ့စစ်သားအဖွဲ့ People’s Soldiers က ပြောပါတယ်။

အပြင်ထွက်ခွင့်လည်း မရ၊ စျေးဝယ်ခွင့်မရ၊ အကျယ်ချုပ်လိုမျိုး အပြင်ထွက်ခွင့်မပေး၊ လူ့ အခွင့်အရေးတွေ ချိုးဖောက်ခံနေရလို့ ထွက်ပြေးကြတာဖြစ်နိုင်ပြီး တချို့တပ်တွေမှာ တရက်တည်း ၁၀ ယောက်ကျော်ထွက်ပြေးတဲ့အထိရှိနေတယ်လို့ ဆိုပါတယ်။

တပ်တွင်းက ညီအစ်မတွေအနေနဲ့ ဒီအချိန်မှာ သတ္တိရှိရှိ ရုန်းထွက်ကြဖို့လည်း တိုက်တွန်းထားပြီး တပ်တွင်းက ညီအစ်မ အကူအညီ၊ အခက်အခဲ၊ တိုင်ပင်ဆွေးနွေးချင်တာတွေရှိရင် ပြည်သူ့စစ်သား ဇနီးများအဖွဲ့ဆီ လာရောက်အကူအညီ တောင်းခံနိုင်တယ်လို့ ဆိုပါတယ်။

ပြည်သူ့စစ်သားများအဖွဲ့နဲ့ ပြည်သူ့စစ်သားဇနီးများအဖွဲ့တွေကတော့ မတရားစစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်ကာ CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေကို ထောက်ပံ့ကူညီပေးနိုင်ဖို့ ဖွဲ့စည်းထားခဲ့တာဖြစ်ပြီး အပတ်စဉ် “ပြည်သူ့စစ်သား စကားဝိုင်း” ကိုလည်း တင်ဆက်နေတာကို တွေ့ရပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ နွေဦးတော်လှန်ရေးဟာ ၉ လနီးပါး ရှိလာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်လက်အောက်ကနေ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ တပ်မတော်သား တွေဟာလည်း တနေ့တခြား ပိုပြီးတော့ များပြားလာနေခဲ့တာကို တွေ့ရပါတယ်။

လတ်တလောမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က စစ်အာဏာရှင် ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ စက်တင်ဘာ ၇ ရက်က ကြေညာထားတာပါ။

3 months Ago
Up