စစ်ရှောင်

December 31, 2021

လေးကေ့ကော် စစ်ရှောင်များကျန်ခဲ့သည့် ကား၊ ဆိုင်ကယ်နှင့်ပစ္စည်းများကို စစ်တပ်က ခိုးယူ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ၆ မိုင်ခန့်အကွာ လေးကော့ကော်မြို့သစ်မှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က ဖျက်ဆီးပြီး ကား၊ ဆိုင်ကယ်နဲ့ ပစ္စည်းတွေ ခိုးယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေးကေ့ကော်မြို့သစ်မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့ ဒီဇင်ဘာ ၁၅ ရက်ကစပြီး နေ့စဉ်ဆိုသလို တိုက်ပွဲဖြစ်နေတာကြောင့် ကျေးရွာ ၉ ရွာလောက်က ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာပါ။ 

စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တံခါးတွေ ရိုက်ဖျက်ပြီး ကား၊ ဆိုင်ကယ် နဲ့ အိမ်တွင်းပစ္စည်းတွေကို စစ်ကောင်စီတပ်က တပ်ရင်းမှူးကိုယ်တိုင်ဦးဆောင်ပြီး ခိုးယူနေတာလို့ စစ်ရှောင်တဦးက ပြောပါတယ်။

“ညညဆို ဆိုင်ကယ်တွေ၊ ကားတွေကို တပ်ရင်းမှူးကိုယ်တိုင်က ခိုးတာ၊ နောက်ပြီး ကားနဲ့တင်သွားကြတယ်။ အခုရွာမှာ ဆိုင်ကယ်ကောင်းကောင်း၊ ကားကောင်းကောင်း မရှိတော့ဘူး အကုန်ခိုးသွားကြတာ။”

မဲ့ထော်သလေးရွာက ရပ်ကွက်လူကြီး အိမ်ခြံဝင်းထဲက ကားနဲ့ ဆိုင်ကယ်၊ ရာအိမ်မှူးအိမ်က ကား ၂ စီးနဲ့ ဆိုင်ကယ် ၂ စီးအပါအဝင် ကျေးရွာအတော်များများက ကားနဲ့ဆိုင်ကယ် အစီးရေ ရာနဲ့ချီ ခိုးယူသွားကြတာလို့ ဆိုပါတယ်။

လေးကေ့ကော်တိုက်ပွဲကြောင့် စစ်ရှောင်ပြည်သူ ၁၄,၀၀၀ လောက် မြန်မာဘက်ခြမ်း သောင်ရင်းမြစ်ကမ်းတလျှောက်နဲ့ ထိုင်းဘက်ခြမ်းတို့မှာ တိမ်းရှောင်နေကြရပြီး  ပရဟိတအဖွဲ့တွေ၊ ထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမား အလှူရှင်တွေနဲ့ ထိုင်းတာဝန်ရှိသူတွေ အစားအစာနဲ့ အဝတ်အထည်တွေ ကူညီပေးနေတယ်လို့ သိရပါတယ်။

4 weeks Ago

December 20, 2021

သောင်ရင်းမြစ်ကမ်းနားက စစ်ရှောင်များ စားသောက်ရေး အခက်အခဲကြုံနေ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကေအန်ယူ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်တို့ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြတဲ့ ကျေးရွာသားတွေ ထိုင်ဘက်ကမ်း ကူးမရတာကြောင့် သောင်ရင်းမြစ်ကမ်းနားမှာ ဖြစ်သလို နေထိုင်နေကြရပြီး စားသောက်ရေး အခက်အခဲကြုံနေကြရတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီတပ်တွေနဲ့ KNLA၊ PDF ပူးပေါင်းတပ်တို့ကြား ဒီဇင်ဘာ ၁၅ ရက်ကစတင်ပြီး ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်းထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတာပါ။

တိုက်ပွဲကြောင့် မင်းလက်ပန်ရွာ၊ ဖလူးရွာနဲ့ ထီးမဲ့ဝါးခီးရွာသား စုစုပေါင်း ၅ ရွာလောက်က စစ်ရှောင် ၁၀၀၀ ကျော် ထိုင်းနိုင်ငံဘက် ခိုလှုံဖို့ ထွက်ပြေးလာကြပေမယ့် ထိုင်းအာဏာပိုင်တွေက ခွင့်မပြုတဲ့အတွက် သောင်ရင်းမြစ်ကမ်းနားမှာ နေထိုင်နေကြရတာပါ။‌

စစ်ရှောင်တဦးက “မနေ့ကတည်းက ပြေးလာပြီး မြစ်ကမ်းဘေးမှာ ဖြစ်သလိုနေကြတာ၊ ရေက သောက်ရေရော၊ သုံးရေရော သောင်ရင်းမြစ်ထဲက ရေပဲ သုံးနေကြတယ်။ ရိက္ခာ နည်းနည်းပဲ ရှိတယ်။ အကုန်လုံး အခက်အခဲ ကြုံနေကြတာ” လို့ ပြောပါတယ်။

မဲဆောက်မြို့တဖက်ကမ်း မြန်မာဘက်ခြမ်း သောင်ရင်းမြစ်ကမ်းဘေးမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်တွေအတွက် အစားအသောက်နဲ့ အဝတ်အထည်တွေ ပေးပို့လှူဒါန်းဖို့ ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ပြင်ဆင်နေကြတယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက တိုက်ပွဲတွေကြောင့် မဲထော်သလေး၊ ထီးမယ်ဝါခီး၊ လေးကေ့ကော်၊ ပဟိကလော် စတဲ့ကျေးရွာတွေက စစ်ဘေးရှောင်ပြည်သူ ၄၀၀၀ လောက် ထိုင်းဘက်မှာ လာရောက်ခိုလှုံနေကြပြီး ဒီဇင်ဘာ ၁၉ ရက်နေ့ ထပ်မံထွက်ပြေးလာတဲ့ စစ်ရှောင်တွေကတော့ ကူးခွင့်မရတာကြောင့် သောင်ရင်းမြစ်ကမ်းနားမှာ နေထိုင်နေကြရတာလည်း ဖြစ်ပါတယ်။

1 month Ago
More News
Up