စစ်ဘေးရှောင်များ

November 26, 2020

ချီဖွေမြို့က စစ်ဘေးရှောင်များ နေရပ်ပြန်ရန် ခွင့်ပြုချက်မရသေး

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်က စစ်ဘးရှောင်ပြည်သူတွေဟာ နေရပ်ပြန်ဖို့အတွက် ကျေးရွာအတွင်းမှာ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကို တာဝန်ရှိသူတွေက လုပ်ဆောင်ပြီးသွားပြီ ဖြစ်ပေမဲ့ နေရပ်ပြန်ခွင့်မရလို့  အခက်ခဲဖြစ်နေကြပါတယ်။ စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ဖို့အတွက် လိုအပ်ချက်တွေကို စစ်တမ်းကောက်ယူပြီး ပြည်နယ်အစိုးရဆီကို တင်ပြထားပေမယ့် အခုချိန်ထိ နေရပ်ပြန်ဖို့ တစုံတရာ ညွှန်ကြားလာတာ မရှိသေးဘူးလို့ ချီဖွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွန့်ဆွေက  ပြောပါတယ်။ ကချင်ပြည်နယ်လူမှုရေးဝန်ကြီးဦးစိုးအောင်အပါအဝင် တာဝန်ရှိသူတွေက စစ်ဘေးရှောင်တွေနဲ့ တွေ့ဆုံချိန်မှာ နိုင်ငံတကာကကူညီမှသာ နေရပ်ပြန်နိုင်ရေးအဆင်ပြေမယ်လို့ ပြောဆိုထား ကြောင်း ဒေသခံတွေဆီကသိရပါတယ်။ နိုင်ငံတကာမှ အကူအညီရရှိပါကအိမ်ဆောက်ပေးမှာဖြစ်ပြီး အစိုးရက လမ်း၊မီး၊ရေ ရရှိအောင်ပူးပေါင်းလုပ်ဆောင်ပေးသွားမယ်လို့ မြို့နယ်အုပ်ချုပ်မှူးက ပြောဖူး‌ပေမယ့် လက်ရှိ အချိန်ထိတော့ ဘယ်အဖွဲ့အစည်းကဦးဆောင်ပြီး လုပ်မလဲ မသိရှိသေးကြောင်း ရွာလူကြီးဦးခေါင်ဇေက ပြောပါတယ်။  ၂၀၁၁ ခုနှစ်က တစ်ကျော့ပြန်စစ်ပွဲ‌ဖြစ်ပြီးနောက်  တစ်မိုင်လောက်သာဝေးတဲ့ ကံပံယန်ကျေးရွာမှာ နေထိုင်ကြတဲ့ စစ်ဘေးရှောင်တွေအနေနဲ့ ချီဖွေမြို့နယ်က KBC နဲ့ LBC စစ်ရှောင်စခန်းတွေမှာ လာရောက် ခိုလှုံနေထိုင်ကြတာပါ။  ၂၀၁၅ အထိ နယ်မြေအေးချမ်းလာပေမယ့် သက်ဆိုင်ရာက ဒုက္ခသည်တွေ နေရပ်ပြန်ရေး တစုံတရာ မပြောလာလို့ လက်ရှိ ကချင်စစ်ရှောင်ပြည်သူများ ပြန်လည်နေရာချထားရေး လုပ်ငန်း အဖွဲ့ခေါင်းဆောင် လူကယ်ပြန် ပြည်ထောင်စု၀န်ကြီးဦးစိုးအောင်ထံ စာတင်ပြတောင်းဆိုခဲ့ပါတယ်။ အခုနှစ်အောက်တိုဘာလမှာတော့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မိုင်းရှင်းလင်းရေးအဖွဲ့ ၁၅ ဦးက ကျေးရွာအတွင်းမိုင်းရှင်းလင်းပေးခဲ့သလို ဒေသခံတွေကလည်း ရွာလမ်းခြုံနွယ်တွေ ရှင်းလင်းရေး လုပ်ဆောင်ခဲ့ပြီးပြီလို့ ကံပံယန်ကျေးရွာ လူကြီး ဦးခေါင်ဇေက  ပြောပါတယ်။ ကံပံယန် စစ်ရှောင်တွေ နေရပ်ပြန်ရေးကို အစိုးရက တာ၀န်ယူဆောင်ရွက်တာဖြစ်လို့ မိမိတို့မသိရှိပေမဲ့ အကူအညီတောင်းခံလာပါက စစ်ရှောင်တွေနေရပ်ပြန်ရေး ပူးပေါင်းဆောင်ရွက်နိုင် မယ်လို့လည်း ကချင်စစ်ရှောင်များနေရပ်ပြန်ရေး စီစဉ်ဆောင်ရွက်နေတဲ့ KHCC မှ ဆရာခါးလီက ပြောပါတယ်။ စစ်ဘေးရှောင်ရွာသားတွေဟာ ၉ နှစ်ကြာနေရပ်စွန့်ခွာ ထွက်ပြေးခဲ့ပြီးနောက် သက်ကြီးပိုင်းအများစုမှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ကာ လူလတ်ပိုင်းနဲ့ ကလေးတွေသာကျန်တော့ပြီး လက်ရှိတွင် ချီဖွေမြို့ရှိ KBC နှင့် LBC စစ်ရှောင်စခန်းတွေမှာ နေထိုင်ကြတယ်လို့ သိရပါတယ်။ သတင်း- ဇုန်းကျန်း  
6 months Ago

October 14, 2020

ကျောက်မဲရှိ စစ်ဘေးရှောင်များကို ကူညီပေးရန် ရှမ်းပြည်နယ်အစိုးရထံ လွှတ်တော်အမတ်များ  တောင်းဆို

ရှမ်းပြည်နယ်အစိုးရအနေနဲ့ ကျောက်မဲခရိုင်ထဲက  စစ်ဘေးရှောင်ပြည်သူတွေကို လိုအပ်တဲ့အကူအညီတွေ အမြန်ဆုံး ထောက်ပံ့ကူညီပေးဖို့ လွှတ်တော်အမတ်တွေက တောင်းဆိုလိုက်ပါတယ်။   ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်ထဲမှာ ပြီးခဲ့တဲ့အပတ်က RCSS- SSA ရှမ်းပြည်တပ်မတော်နဲ့ မြန်မာ့တပ်မတော်တို့အကြား ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်း ရှောင်နေရတာမှာ ဒီကနေ့ထိ တိုက်ပွဲရှောင်ရွာသားပေါင်း  ၃၅၀၀ ကျော်ရှိနေပြီး စားနပ်ရိက္ခာနဲ့တခြား အကူအညီတွေလိုအပ်နေတာပါ။  ပြည်သူတွေလိုအပ်တဲ့အကူအညီတွေ အမြန်ဆုံး ထောက်ပံ့ပေးစေချင်လို့ ကျောက်မဲက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁ ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၁ ဦးနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂ ဦးတို့ပေါင်းပြီး  ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့ နေ့စွဲနဲ့ ရှမ်းပြည်အစိုးရဆီ စာပို့ တိုက်တွန်းခဲ့တာပါ။ ဒါပေမဲ့ ဒီနေ့ထိတော့ ရှမ်းပြည်နယ်အစိုးရဆီက တစုံတရာအကြောင်းပြန်လာတာ မရှိသေးဘူးလို့ စာပေးပို့တဲ့ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရသူတွေရှိသလို အိုးအိမ်ပစ္စည်း ပျက်စီးဆုံးရှုံးမှုတွေရှိနေတာကြောင့် ရှမ်းပြည်နယ်အစိုးရအနေနဲ့ တာဝန်ယူ ဖြေရှင်းပေးဖို့ ကျောက်မဲခရိုင်က လွှတ်တော်အမတ်တွေ စုပေါင်းပြီး တောင်းဆိုတာလို့  ကျောက်မဲမြို့နယ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်က  ဒီဗွီဘီကို ပြောပါတယ်။  “တိုက်ပွဲကြောင့် ရွာသားတွေ လူ့အခွင့်အရေးတွေဆုံးရှုံးနေရတယ်။ ဒီအကြောင်းအရာကို ရှမ်းပြည်အစိုးရကိုသိစေချင်တယ်။ ပြီးတော့ တာဝန်အရ ပြည်သူကို ရွာသားတွေကို ကူညီထောက်ပံ့ ပေးစေချင်တယ်။ တိုက်ပွဲဖြစ်တော့ ရွာသားတွေမှာ ထွက်ပြေးတိမ်းရှောင်နေရတာနဲ့ပဲ စားဝတ်နေရေးအတွက် အလုပ်ကောင်းကောင်းမလုပ်နိုင်ဘူး။ ရှမ်းပြည်အစိုးရအနေနဲ့ တိုက်ပွဲ တွေမဖြစ်အောင် တားဆီးပေးစေချင်တယ်။” တိုက်ပွဲရှောင်ပြည်သူ ၃၅၀၀ ကျော်ဟာ လတ်တလော ဘုန်းတော်ကြီးကျောင်း ၇ ကျောင်းမှာ ဝင်ရောက်ခိုလှုံနေကြပြီး သူတို့ စားရေးသောက်ရေးအတွက် အနီးအနား ပတ်ဝန်းကျင် မြို့နယ်က ပရဟိတအဖွဲ့၊ စေတနာရှင်တွေရဲ့ လှူဒါန်းမှုနဲ့ ရပ်တည်နေရတယ်လို့ ဆိုပါတယ်။  ကျောက်မဲမှာဖြစ်ပွါးနေတဲ့ ပစ်ခတ်မှုတွေရပ်သွားအောင် အမြန်ဆုံးလာရောက် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးဖို့ ပုံဝိုးကျေးရွာအုပ်စုတိုက်ပွဲရှောင်ပြည်သူတွေအနေနဲ့  JMC  ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေး ကော်မတီကို အောက်တိုဘာ ၁၁ ရက်နေ့ နေ့စွဲနဲ့ စာပေးပို့ထားပါတယ်။  ကျောက်မဲမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့ကစတဲ့ ပစ်ခတ်မှုတွေကြောင့် ပုံဝိုး၊ နားအော်၊ နမ့်မဟင်၊ ခန့်ခဲ၊ ကုန်းဟတ်၊ နားချိမ်၊ လုံဝယ်၊ ကုန်းစုံ၊ နောင်ဆိမ်၊ နားအော်၊ မန်ထမ်စတဲ့ ကျေးရွာက ရွာသားတွေ ဘုန်းကြီးကျောင်းမှာ သွားနေနေရပြီး လူတွေစုနေရတာ ကြောင့်  ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်တွေလည်း မလိုက်နာနိုင်တော့ဘူးလို့  ဆိုပါတယ်။  ဒါ့အပြင် ဒေသထဲ ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်နေပါက ရွာသားတွေရဲ့ နေ့စဉ် အသက်မွေးဝမ်းကျောင်းမှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စီးပွားရေးနဲ့ ကျန်းမာရေးတွေကိုပါ  ထိခိုက်လာနိုင်တယ်လို့  တိုက်ပွဲရှောင်ပြည်သူတွေက ထုတ်ပြန်ထားပါတယ်။  ဓာတ်ပုံ- SNLD-MPs Kyaukme
7 months Ago
More News
Up