စစ်တပ်ကဖမ်းဆီး

September 16, 2021

ဟိုပင်မြို့နယ်တွင် ကလေးငယ်များအပါအဝင် ပြည်သူ ၁၂ ဦးကို စစ်တပ်ကဖမ်းဆီး

ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်မှာ ကလေးငယ်တွေအပါအဝင် ဒေသခံ ပြည်သူ ၁၂ ယောက်ကို စစ်တပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၁၄ ရက် ညနေပိုင်းနဲ့ ညသန်းခေါင်အချိန်က ဖမ်းခံလိုက်ရတာဖြစ်ပြီး သဲဂုဏ်ရွာက မိသားစုလိုက်အပါအဝင် ၈ ယောက် ဖမ်းခံရတယ်လို့ သိရပါတယ်။

“ည ၁၂ နာရီကျော်မှာ လာဖမ်းတာ။ ဦးမိုးရယ်၊ သူ့မိန်းမရယ်၊ ၉ နှစ်အရွယ် သူ့သားလေးရယ် ဖမ်းခံရတယ်။ ဦးမောင်နိုင်းမှာလည်း ၁၆ နှစ်နဲ့ ၁၃ နှစ်အရွယ် သား နှစ်ယောက်ပါ ဖမ်းခံရတယ်။ နောက် ခြေတဖက်မသန်တဲ့ ဦးငြိမ်းချမ်းဦး၊ စိုင်းလွင်မျိုးဆိုတော့ အားလုံးပေါင်း ရှစ်ယောက်ပါ။ ဘာကြောင့် ဖမ်းသွားမှန်းလည်း မသိသေးဘူး။ ဘယ်မှာဖမ်းထားမှန်းလည်း မသိသေးဘူး” လို့ သဲဂုဏ်ရွာ ဒေသခံတယောက်က ပြောပါတယ်။

စက်တင်ဘာ ၁၄ ရက်နေ့ ညနေပိုင်းက ဟိုပင်မြို့နဲ့ တကွင်းရွာကြားမှာရှိတဲ့ တပ်ရင်း ၄၀ နားမှာ ပစ်ခတ်ပေါက်ကွဲတာတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဘာကြောင့်ဖြစ်မှန်းမသိရပေမဲ့ လမ်းသွားလမ်းလာ လူငယ် ၄ ယောက်ကို စစ်တပ်က ဖမ်းဆီးသွားပါတယ်။

“ပစ်ခတ်တာတွေဖြစ်ပြီး မိုးကောင်းက စစ်ကူလာတယ်။ ဟိုပင်တကွင်းရွာက ကောင်လေးက သူ့အမေဆန်တိုဟူးရောင်းလို့သွားကြိုတာ ဖမ်းခံရတယ်။ နောက် သုံးယောက်ကတော့ ဟိုပင်ကပါ။ တယောက်က မြဇေယျာရပ်ကွက်က၊ ကျန်တဲ့ နှစ်ယောက်ကတော့ ဘယ်ရပ်ကွက်လဲ မသိသေးဘူး။ သူတို့ကိုတော့ တပ်ရင်း ၄၀ မှာ ဖမ်းထားတယ်လို့ သိရတယ်” လို့ ဒေသခံတယောက် ပြောပါတယ်။

ပြီးခဲ့တဲ့ လကလည်း သဲဂုဏ်ရွာမှာ ကွမ်းသီးလာဝယ်တဲ့ ဧည့်သည်တွေနဲ့ အိမ်ရှင် အပါအဝင် လူ ၁၄ ယောက်ကို စစ်တပ်က ဖမ်းဆီးသွားပြီး နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

ဇူလိုင် ၄ ရက်ကလည်း သဲဂုဏ်ရွာက ဘုန်းကြီးကျောင်းကို စစ်တပ်က ဝင်စီးပြီး ကျောင်းထိုင်ဘုန်းကြီးကျောင်းကို ကြိုးတုပ်ရိုက်နှက်ခဲ့ပါသေးတယ်။ ဒီမတိုင်ခင်ကလည်း ကျောင်းကို ဝင်ရောက်ရှာဖွေတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ရွာကသေးသလောက် ဒလန်ကပေါတယ်။ ဘာကြောင့်မှန်းမသိဖမ်းခံနေရတာ။ ခုဆို လူတချို့လည်း ရှောင်နေကြရတယ်။ အားလုံးကလည်း စိုးရိမ်နေကြတာပါ။ မလုံခြုံတော့ဘူး” လို့ ဒေသခံ တယောက် ပြောပါတယ်။

5 days Ago

August 13, 2021

ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းရွာသား ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး ထော်လာဂျီနှင့် ဆိုင်ကယ်ယူသွား

ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းကျေးရွာနဲ့ ရုံးတောကျေးရွာတွေကို  စစ်တပ်က အကြမ်းဖက် ဝင်‌ရောက်ပစ်ခတ်ပြီး ဆိုင်ကယ်နဲ့ ထော်လာဂျီတွေကိုယူဆောင်သွားကာ ကျေးရွာသား ၂ ယောက် ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

အိမ်ခြေ ၂၀၀ ခန့်သာရှိတဲ့ ညောင်ကိုင်းကျေးရွာထဲကို ဩဂုတ် ၁၂ ရက် ညဦးပိုင်းက ရဲကား တစ်စီးနဲ့ စစ်ကားတစ်စီးဝင်လာပြီး သေနတ်ပစ်ဖောက်ခဲ့ကာ ထွက်ပြေးတဲ့ ဒေသခံရွာသားတွေ အားလုံးကို လိုက်လံပစ်ခတ်ခဲ့ပါတယ်။

ဒါ့အပြင် ရွာသားတွေ ပစ်ထားခဲ့တဲ့ဆိုင်ကယ် နှစ်စီးနဲ့  ထော်လာဂျီ နှစ်စီးကိုလည်း စစ်ကောင်စီတပ်တွေက ယူသွားကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

“မနေ့ည ၇ နာရီလောက်ကစပြီး ရွာကိုဝင်တယ်၊ ဝင်ဝင်ခြင်း သေနတ်ပစ်တော့ ရွာသူရွာသားတွေ ဘယ်နေရဲတော့မလဲ။ ဆိုင်ကယ်နဲ့ပြေးသူပြေး အလွတ်ပြေး သူပြေး ထွက်ပြေးရတာပေါ့။ တချို့လည်း ထော်လာဂျီနဲ့ကြိုပြီး မူးမြစ်အနောက်ဘက်ကမ်းပြေးရတာပေါ့။ ထော်လာဂျီတွေက အရှေ့ကမ်းထားခဲ့ရတာလေ။ အဲဒါကိုလိုက်ပြီးပစ်သေးတာ လူမတွေ့တော့ ထော်လာဂျီ တွေယူသွားကြတယ်။ နှစ်စီးပါသွားတယ်။ ဆိုင်ကယ်ကလည်း ကလစ်ဆိုင်ကယ် တစ်စီးနဲ့ ဆိုင်ကလုန်းတစ်စီးယူသွားတယ်” လို့ ညောင်ကိုင်းရွာသားတစ်ဦးက ပြောပါတယ်။

စစ်တပ်က ညောင်ကိုင်းရွာမှာ တစ်ည တပ်စွဲပြီး၊ မနက်ပိုင်းမှာတော့ ရုံးတောကျေးရွာကိုထပ်ပြီး ဝင်ရောက်တယ်လို့ သိရပါတယ်။ ရုံးတောရွာက ပစ်ခတ်ဖမ်းဆီးခံရမှု အခြေအနေတွေကိုတော့ ဆက်လက်စုံစမ်းနေရဆဲဖြစ်ပါတယ်။

ရွှေဘိုမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ လယ်ပိုင်းက ပလိုင်းကျေးရွာအပါအဝင် နီးစပ်ရာ ကျေးရွာတွေကို စစ်တပ်က လက်နက်ကြီး၊လက်နက်ငယ်နဲ့ ပစ်ခတ်လို့  သေဆုံး ဒဏ်ရာရသူတွေရှိခဲ့သလို နေအိမ်တချို့ မီးလောင်ဆုံးရှုံးခဲ့ရပြီး ကျေးရွာသားတွေရဲ့ပစ္စည်းတွေ ကိုလည်း ယူငင်ခံရတာတွေလည်း ရှိခဲ့ပါတယ်။

1 month Ago
More News
Up