စစ်ဆေးဖမ်းဆီး

October 23, 2021

လှိုင်သာယာတွင် ဆိုင်ကယ်နှင့် ဘေးတွဲပါဆိုင်ကယ်များကို စစ်ဆေးဖမ်းဆီးနေ

ရန်ကုန်၊ လှိုင်သာယာမြို့နယ်မှာ အောက်တိုဘာ ၂၃ ရက်   ဒီနေ့ မနက်ကစပြီး ဆိုင်ကယ်နဲ့ ဘေးတွဲ ဆိုင်ကယ်တွေကို စစ်ကောင်စီတပ်တွေက စစ်ဆေး ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၂၂ ရက် ညကမှ ဆိုင်ကယ် ၊ ဘေးတွဲတွေ မစီးဖို့ စစ်ကောင်စီ ရပ်ကျေးတွေက ရပ်ကွက်ထဲ အသိပေးခဲ့ပြီး ဒီနေ့မနက် ဖမ်းတော့တာပဲလို့ မြို့ခံတစ်ဦးကပြောပါတယ်။ 

လမ်းဆုံအတော်များများ၊ မှတ်တိုင်တွေနဲ့ လမ်းကြားထိပ်တွေကပါ စောင့်ဖမ်းနေကြတာပါဖြစ်ပြီး ဖမ်းမိတဲ့ ဆိုင်ကယ်တွေကို စစ်ကားတွေပေါ် တင်ထားတာလည်း မနည်းဘူးလို့ မြင်တွေ့ခဲ့သူက  ပြောပါတယ်။

ဗိုလ်ချုပ်မှတ်တိုင် ၊ BOC အဝိုင်း၊ သမကုန်း အနော်ရထာလမ်းမကြီးပေါ်၊ ပဲခူးလမ်းကြား၊ ကျောင်း လမ်းမှတ်တိုင်၊ မီးခွက်စျေး ၊၅လမ်းထိပ်၊ သောင်ကြီးရဲစခန်းရှေ့ လိုနေရာတွေနဲ့ မြို့အနှံ့ ဆိုင်ကယ် ဖမ်းဆီးမှုတွေ ရှိနေတာကြောင့် ဒေသခံတွေ သွားလာရေး အခက်တွေ့နေပြီး ဖမ်းဆီးခံရတဲ့ ဆိုင်ကယ်တချို့ ပြန်ရွေးခွင့်မရဘဲ အဆုံးခံရတာတွေ ပါရှိနေတယ်လို့  ဒေသခံတွေထံက သိရပါတယ်။

3 months Ago

August 23, 2021

မန္တလေးခရိုင်၌ အပြင်ထွက်ခွင့်ကန့်သတ်ချက် ဖြေလျှော့ပေးခဲ့သော်လည်း စစ်ဆေးဖမ်းဆီးနေ

မန္တလေးခရိုင်မှာ အပြင်ထွက်ခွင့် ကန့်သတ်ချက်တွေကို ဖြေလျှော့လိုက်ကြောင်း သြဂုတ် ၂၂ရက် ညပိုင်းက ထုတ်ပြန်ထားပေမယ့် သြဂုတ် ၂၃ ရက် မနက်ပိုင်းမှာ စစ်ဆေးဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့  မန္တလေးမြို့ခံတွေက ပြောပါတယ်။

“မနေ့ညက အပြင်ထွက်ခွင့် ကန့်သတ်တာတွေ လျှော့ပေးလိုက်တယ်လို့ သတင်းတွေ့ပေမယ့် မနက်က ဖမ်းဆီးစစ်ဆေးနေတုန်းပါ။ စာထုတ်တာ တစ်ဖွဲ့၊ ဖမ်းတာက တစ်ဖွဲ့၊ စျေးဝယ်ကတ်ပေးတာတစ်ဖွဲ့၊ စျေးဝယ်ကတ်ပါလည်း ဖမ်းတဲ့တစ်ဖွဲ့၊ ဖျက်သိမ်းတာက တစ်ဖွဲ့၊ ဖျတ်သိမ်းလည်း မသိဘူးဖမ်းမယ်ဆိုတဲ့တစ်ဖွဲ့ ဖြစ်နေတယ်” လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

သြဂုတ် ၄ ရက် နဲ့ ၁၃ ရက်က ထုတ်ပြန်ချက်တွေမှာ မန္တလေးခရိုင်အတွင်းရှိ မြို့နယ် ၅ မြို့နယ်အတွင်း မနက် ၉ နာရီမှာ  ညနေ ၃ နာရီခွဲထိ အပြင်မထွက်ဖို့နဲ့ သတ်မှတ်အချိန်အတွင်း စျေးဝယ်ကတ်၊ နယ်ကျော်ကတ်နဲ့သာ သွားလာကြဖို့ ပါဆယ်စနစ်နဲ့သာ ရောင်းချဖို့ စတဲ့ အချက်တွေ ထုတ်ထားပါတယ်။

သြဂုတ် ၂၃ ရက်မှာတော့ အချိန်ကန့်သတ်ချက်တွေ၊ စျေးဝယ်ကတ်၊ နယ်ကျော်ကတ်ကိစ္စတွေ ၊ ပါဆယ်စနစ်နဲ့ ရောင်းချဖို့ကိစ္စတွေ မပါတော့ဘဲ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

မန္တလေးခရိုင်ကို Stay At Home အစီအစဉ် အကျုံးဝင်ကြောင်း သြဂုတ် ၃၁ ရက်ထိ ထုတ်ပြန်ထားတာကြောင့် Stay at Home သတ်မှတ် စည်းကမ်းအတိုင်း နေထိုင်ရမှာဖြစ်တယ်လို့ သိရပါတယ်။

5 months Ago
Up