စစ်ကျွန်ပညာရေး

May 26, 2021

စစ်ကျွန်ပညာရေးယန္တရားကို တိုက်ခိုက်မည်ဟု ပွင့်ဖြူ စိုက်ပျိုးရေးသိပ္ပံကျောင်းသားသမဂ္ဂကြေညာ

စစ်ကျွန်ပညာရေးယန္တရားကို တိုက်ခိုက်သပိတ်မှောက်မယ်လို့  ပွင့်ဖြူ စိုက်ပျိုးရေး သိပ္ပံကျောင်းသားသမဂ္ဂအဖွဲ့က မေလ ၂၅ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

စိုက်ပျိုးရေးသိပ္ပံကျောင်းတွေကို ဇွန်လ ၁ ရက်နေ့မှာ ဖွင့်လှစ်မယ်ဆိုပြီးတော့ အကြမ်းဖက်စစ်ကောင်စီရဲ ခိုင်းစေချက်အရ ကျောင်းဝန်ထမ်းတွေက နောက်ဆုံးနှစ် ကျောင်းသားကျောင်းသူတွေကို ဖုန်းဆက်ပြီးတော့ အသိပေးခဲ့ပါတယ်။

ပွင့်ဖြူ စိုက်ပျိုးရေးသိပ္ပံ နောက်ဆုံးနှစ် ကျောင်းသားကျောင်းသူတွေအနေနဲ့ ကျောင်းမတက်ဘဲ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ကျွန်ပညာရေးယန္တရားကို တိုက်ခိုက်သပိတ်မှောက်သွားမယ်လို့ ဆိုပါတယ်။

ပွင့်ဖြူ စိုက်ပျိုးရေးသိပ္ပံကျောင်းမှာ နောက်ဆုံးနှစ်ကျောင်းသား ကျောင်းသူ ၁၈၆ ယောက်ရှိတဲ့အနက် ၁၇၆ ယောက် CDM ပြုလုပ်နေပြီး CDM မလုပ်သူ ၂ ယောက်ရှိကာ စာရင်းမပေးသူ ၈ ယောက်ရှိတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

2 months Ago

May 15, 2021

ကျောင်းသင်ရိုးတွင် စစ်ကျွန်ပညာရေးမပါရှိဟု သူငယ်တန်းစာဖတ်ပြပြီး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြော

အခြေခံပညာသင်ရိုးညွှန်းတန်းတွေမှာ စစ်ကျွန်ပညာရေးမပါရှိကြောင်း အာဏာသိမ်းစစ်ကောင်စီ အကြမ်းဖက်အဖွဲ့ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မေလ ၁၅ ရက် ဒီကနေ့မွန်းလွဲပိုင်းက နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှ ပြောကြားလိုက်ပါတယ်။ 

အခြေခံပညာသင်ရိုးညွှန်းတန်း မူလတန်းအဆင့် ကေဂျီသူငယ်တန်းဖတ်စာပါ သူငယ်ချင်း ၊ ပင်လုံ၊ တာဝန်ကိုယ်စီ ဆိုတဲ့ကဗျာတွေကို ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက  ရည်ညွှန်းဖတ်ပြပြောသွားပြီး အလယ်တန်းအဆင့် သတ္တမတန်းမှာ သင်ကြားရတဲ့ အခွင့်အရေးနဲ့တာဝန်သင်ခန်းစာ၊  သင်ရိုးသစ် Grade 11 ဘောဂဗေဒ သင်ခန်းစာတွေကိုလည်း ကိုးကား ပြောဆိုသွားပါတယ်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ကမ္ဘာမှာ အုပ်ချုပ်သူအစိုးရကို မကျေနပ်လို့ ပညာရေး ကိုတိုက်ခိုက်တယ်ဆိုတာ မရှိခဲ့ပါဘူး။ ပညာရေးနဲ့ ပတ်သက်လို့ ပိတ်ပင်တားဆီးတာတွေ၊ သင်ကြားရေးနဲ့ ပတ်သက်လို့ CDM လုပ်တာတွေဟာ တိုင်းဖျက်ပြည်ဖျက်လုပ်ငန်းတွေပဲဖြစ်တယ်လို့ ကျနော်ပြောလိုပါတယ်။ ဒီနေရာမှာ ဆူပူအကြမ်းဖက်သမားများလှုံ့ဆော်နေတဲ့ လက်ကိုင်စကားကတော့ စစ်ကျွန်ပညာရေးပဲဖြစ်ပါတယ်၊ ဘယ်အချက်အလက်တွေ ဘယ်သင်ခန်းစာတွေ ဘယ်ပို့ချက်ချက်တွေကို ရည်ညွှန်းပြီး စစ်ကျွန်ပညာရေးလို့ စွပ်စွဲတာလဲ။  ရှိရင် ထောက်ပြဖို့ ကျနော်ပြောလိုပါတယ်” လို့ပြောပါတယ်။

ဒို့တာဝန်၊ ဖက်ဒရယ်စနစ်နဲ့ တာဝန်ယူတာဝန်ခံမှုဆိုတာဘာလဲဆိုတာကို သူငယ်တန်းကလေး တွေကအစသင်ပေးနေကြောင်းနဲ့ စစ်ကောင်စီအနေနဲ့ အရင်အစိုးရတွေလက်ထက်က  ချမှတ်ခဲ့တဲ့ အမျိုးသားပညာရေး မူဝါဒတွေအတိုင်း လိုက်နာကျင့်သုံးသင်ကြားပေးနေတာလို့လည်း ရှင်းလင်း ပြောကြားသွားပါတယ်။

လာမယ့် ဇွန်လ ၅ ရက် အခြေခံ ပညာကျောင်းတွေပြန်ဖွင့်တဲ့အခါ ကျောင်းသားတွေနဲ့ ဆရာတွေရဲ့ လုံခြုံရေးအတွက် ရဲနဲ့ စစ်တပ်အပြင် အရပ်ဘက်လုံခြုံရေးအဖွဲ့တွေကိုပါ အသုံးပြုသွားမယ်လို့လည်း စစ်ကောင်စီပြောခွင့်ရသူက ဆိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံတဝန်းမှာ စစ်ကျွန်ပညာရေးဆန့်ကျင်တဲ့  လှုပ်ရှားမှုတွေကို  ကျောင်းသူ ကျောင်းသားတွေ၊ ဆရာတွေနဲ့ ကျောင်းသားမိဘပြည်သူတွေက ပြုလုပ်နေကြတာဖြစ်ပြီး ပညာရေးဝန်ထမ်းတွေ အများအပြားကလည်း အာဏာဖီဆန် CDM လှုပ်ရှားမှုပြုလုပ်နေကြပါတယ်။

2 months Ago
More News
Up