စစ်ကောင်စီ တရားရုံး ပယ်ချ

October 11, 2021

တပတ်ခြားတခါရုံးချိန်းပေးရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏တင်ပြချက် စစ်ကောင်စီ တရားရုံး ပယ်ချ

ကျန်းမာရေးအခြေအနေကြောင့် တပတ်ခြားတခါမှ ရုံးချိန်းပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တင်ပြချက်ကို စစ်ကောင်စီတရားရုံးက ဒီနေ့ အောက်တိုဘာ ၁၁ ရက်နေ့ ရုံးချိန်းမှာ  လက်မခံဘဲ ပယ်ချလိုက်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်စာရေးပြီးတင်တဲ့ တပတ်ခြားတခါ ရုံးချိန်းပေးဖို့ဟာကိုတော့ရုံးက သူနဂိုဆုံးဖြတ်ထားတဲ့ အတိုင်းတပတ်တခါပဲ စစ်ဆေးမယ်လို့ အမိန့်ချလိုက်ပါတယ်။ ဒီကနေ့က တော့ဒါပါပဲ။” လို့ နိုင်ငံ့ခေါင်းဆောင်ရဲ့ ရှေ့နေအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့ရုံးချိန်းက မနက် ၁၁ နာရီလောက်မှာပြီးသွားပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ်  ဆက်သွယ်ရေး ဥပဒေအရ စွဲထားတဲ့အမှု ဒီနေ့ စွဲချက်တင်သင့်မတင်သင့်အမိန့်ချဖို့ရှိပေမဲ့ မချဖြစ်ခဲ့ပါဘူး။

ဒီအအမှုကဆက်စပ်နေတဲ့အတွက်ကြောင့်ဆိုပြီး ပို့ကုန်သွင်းကုန်နဲ့စွဲတဲ့အမှုအတွက် စွဲချက် အမိန့် ကိုစောင့်ပြီးတော့မှ  တစ်ညီတည်းချမယ်လို့ တရားသူကြီးက အမိန့်ချလိုက်ပါတယ်။ 

ဒီနေ့တရားခွင်မှာ အမှုခေါ်တဲ့အခါမှာတော့ သမ္မတဦး၀င်းမြင့်ကို သဘာဝဘေးစီမံဥပဒေ ပုဒ်မ  ၂၅ နဲ့စွဲထားတဲ့  အမှုကိုစခေါ်ပြီး  ဦး၀င်းမြင့်ကိုစွဲချက်တင်တဲ့ အကြောင်း တရားသူကြီးက  အပြစ်ရှိသလားလို့ မေးရာမှာ သမ္မတ   ဦး၀င်းမြင့်က အပြစ်မရှိကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။

“ပြောပြီးတော့ ပြန်ခေါ်သက်သေရှိသလားမေးတော့ ပြန်ခေါ်သက်သေ ရဲမှူးမြင့်နိုင်နဲ့ ဒုရဲအုပ် တစ် ယောက်ကိုပြန်ခေါ်ပါတယ်။ နောက်ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘာဝဘေးစီမံ ဥပဒေပုဒ်မ  ၂၅  အဲ့ဒါကို ဒုတိယအနေနဲ့ ခေါ်ပြီးတော့ လည်းစွဲချက်တင်ပါတယ်။ အပြစ်မရှိဘူးလို့ပြောပါတယ်။ ခုနသက်သေနှစ် ယောက်ပါပဲ။  ရဲမှူးမြင့်နိုင်နဲ့ ဒုရဲအုပ်တစ်ယောက်ကိုပြန်ခေါ်ပါတယ်။” လို့ ရှေ့နေအဖွဲ့က ထုတ်ပြန်ပါတယ်။  

နောက်တတိယအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ်  ပို့ကုန်သွင်းကုန်ဥပဒေနဲ့ စွဲထားတဲ့အမှုနဲ့ ပတ်သက်လို့ နောက်တိုးသက်သေတွေထပ်စစ်ပြီး လာမယ့်ရုံးချိန်းမှာ လျှောက်လဲချက်တင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။  

“အဲ့ဒီအမှုမှာ အရင်ရုံးချိန်းက အမိန့်ချသလို နောက်တိုးသက်သေခွင့်ပြုတယ်ဆိုတော့  တရားလိုဘက်က နောက်တိုး သက်သေ အနေနဲ့ ဆက်သွယ်ရေးက လက်ထောက်ညွန်ကြားရေးမှူး ဦးစည်သူအောင်ကို ခေါ်ပါတယ်။ ရုံးရှေ့လာထွက် ပါတယ်။ ဦးစည်သူအောင်ကတော့ သူက ဂျန်မာတစ်ခုအတွက်ပဲထွက်သွားပါတယ်။ ကျန်တဲ့ပစ္စည်းကိရိယာ တွေသူမသိဘူး။ ဂျန်မာတစ်ခုအတွက်ပဲ သူလာထွက်တာလို့ပြောသွားပါတယ်။  အဲ့တော့ ဒီအမှုက နောက်တိုး သက် သေလည်း ပြီးသွားပြီးဆိုတော့ ရှေ့အချိန်းမှာ စွဲချက် လျှောက်လဲချက်တင်ဖို့ တရားသူကြီး ကချိန်း လိုက်ပါတယ်။”လို့‌ရှေ့နေအဖွဲ့က ဆိုပါတယ်။

ဒီနေ့ရုံးချိန်းမှာ အရင်ရုံးချိန်းတွေလိုပဲ မနက် ၉ နာရီခွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့ပြီး ဒီနောက် သမ္မတ ဦးဝင်းမြင့်နဲ့ ဆက်တွေပြီး အမှုအကြောင်း ဆွေးနွေးခဲ့ကြကာ  အထူးအထွေ ဒေါ်အောင်ဆန်းစုကြည်ဘက်ကပြောကြားခဲ့တာ မရှိဘူးလို့ သိရပါတယ်။

3 months Ago
Up