စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး

November 13, 2021

ပေါင်မြို့က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၁ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

မွန်ပြည်နယ်၊ ပေါင်မြို့၊ ကဒုံစီးရပ်ကွက်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကျော်အောင်ဟာ နိုဝင်ဘာ ၁၃ ရက် ဒီနေ့ မနက် ၈ နာရီခွဲလောက်မှာ  သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အုပ်ချုပ်ရေးမှူး ဦးကျော်အောင် နေအိမ်အရှေ့မှာ ရှိနေစဉ် အမည်မသိ သေနတ်သမား တယောက်က ဆိုင်ကယ်နဲ့ လာရောက်ပြီး သေနတ်ဖြင့် အနီးကပ် ပစ်ခတ်သွားခဲ့တာ ဖြစ်ပါတယ်။

သေနတ်ဖြင့် ပစ်ခတ်ခံရတာကြောင့် အုပ်ချုပ်ရေးမှူး ဦးကျော်အောင်ဟာ ဝဲဘက်နို့အုံ သေနတ်ဒဏ်ရာ တစ်ချက် ရရှိပြီး၊ စိုးရိမ်ရတဲ့အခြေအနေကြောင့် မော်လမြိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကျော်အောင်ဟာ ရပ်ကွက်အတွင်း ဆန္ဒပြလူငယ်တွေ ဖမ်ဆီးခံရအောင် သတင်းပေးတာ၊ အရပ်သား ပြည်သူတွေကို ခြိမ်းခြောက်နေလို့ သတိပေးခံထားရတဲ့ အုပ်ချုပ်ရေးမှူး တစ်ဦး ဖြစ်ပါတယ်။

အုပ်ချုပ်ရေးမှူး ဦးကျော်အောင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပေါင်မြို့ပေါ်ရပ်ကွက်တွေမှာ ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါင်မြို့နယ်မှာတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့ကလည်း YMBA အသင်း နာယက ဦးခင်မောင်ဦး သေနတ်ဖြင့် ပစ်သတ်ခံထားရပါတယ်။

2 weeks Ago

October 31, 2021

မော်လမြိုင်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အောက်ကျင်းရပ်ကွက်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးလှရီဟာ အောက်တိုဘာ ၃၀ ရက်နေ့ ည ၇ နာရီအချိန်လောက်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေ ပြောပါတယ်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးလှရီကို အမည်မသိ သေနတ်သမား ၂ ဦးက ဆိုင်ကယ်နဲ့ လာရောက်ပြီး၊ အုပ်ချုပ်ရေးမှူးရုံးလာရာ လမ်းမှာ သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခဲ့ရတာကြောင့် အုပ်ချုပ်ရေးမှူး ဦးလှရီဟာ ဒဏ်ရာ ၅ ချက် ရရှိခဲ့ပြီး အခင်းအဖြစ် နေရာမှာပဲ သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အုပ်ချုပ်ရေးမှူး ဦးလှရီကို သေနတ်နဲ့ ပစ်သတ်ခဲ့တာဟာ သူတို့ လက်ချက်ဖြစ်တယ်လို့ မွန်ပြည်နယ် နွေဦးတော်လှန်ရေးတပ်ဦးနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးလှရီဟာ မော်လမြိုင်မြို့နေ ပြည်သူတွေကို စိတ်ရောကိုပါ ဒုက္ခပေးနေတဲ့အတွက်ကြောင့် သုတ်သင်ရှင်းလင်းရတာလို့ ဆိုထားပါတယ်။

အုပ်ချုပ်ရေးမှူး ဦးလှရီဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦးဖြစ်ပြီး၊ မော်လမြိုင်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဦးဆုံး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတဲ့ အုပ်ချုပ်ရေးမှူး တစ်ဦးလည်း ဖြစ်ပါတယ်။

4 weeks Ago
More News
Up