စစ်ကောင်စီ

October 27, 2021

စိုင်ပြင်မြို့က ဈေးနှစ်ခုလုံးကို စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ယာယီပိတ်ခိုင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့က ကျေးရွာပေါင်း ၂၀၀ လောက် အားထားနေရတဲ့ ပုံမှန်ဈေးနဲ့ ယာယီဈေးနှစ်ခုလုံးကို ဒီနေ့မနက် ၇ နာရီလောက်မှာ စစ်ကောင်စီက ပိတ်ခိုင်းလိုက်တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၆ ရက်နေ့ မနက်ပိုင်းက စိုင်ပြင်ဈေးဂိတ်ပေါက်မှာ ဈေးကောက်ဝန်ထမ်းတစ်ဦးအား လူလေးယောက်က ဓားနဲ့ ထိုးပြီး သတ်ဖြတ်ခဲ့တာကြောင့် ရက်အကန့်အသတ်မရှိ ဈေးယာယီပိတ်လိုက်တာလို့ ဈေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

စိုင်ပြင်မြို့မှာရှိတဲ့ နယ်ထိန်းအဆင့်ရှိသူ တစ်ဦးနဲ့တပ်သားနှစ်ဦးက လာရောက်ပိတ်ခိုင်းခဲ့တာလို့ စိုင်ပြင်ဈေးရောင်းသူတွေဆီက သိရပါတယ်။

ဒေသခံတဦးက “အခုဟာက ဘာမှမပြောဘူး ဈေးတွေပိတ်ရမယ်လို့ပဲ ပြောတယ်။ ဘာကြောင့်ပိတ်ရတယ်လို့တော့ ပြောမသွားဘူးဗျ။ လာအပိတ်ခိုင်းတာက နယ်ထိန်းအဆင့်ရှိသူတစ်ယောက်ပါတယ်။ နောက်တော့ တပ်သားအဆင့် နှစ်ယောက်နဲ့ ပိတ်ခိုင်းသွားတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

အခုလို ရုတ်တရက် ဈေးပိတ်လိုက်တာကြောင့် လက်ရှိအချိန်မှာ ကုန်းစိမ်းသည်တွေအပါအဝင် တခြားဈေးသည်တွေ အပျက်အစီးအဆုံးအရှုံး ရှိနေတယ်လို့ သိရပါတယ်။

“ကုန်ပစ္စည်းက ကုန်စိမ်းဆိုတော့ တစ်ရက်ဆိုတစ်ရက်သိသာတယ်လေ။ တစ်ရက်မရောင်းရရင် တစ်ရက်ပျက်စီးတာ။ အခုလို ရုတ်တရက် ပိတ်ခိုင်းလိုက်တာဆိုတော့ ဘာပြောရမယ်မှန်းမသိတော့ပါဘူးရှင်။ ကျမက ခရမ်းချဉ်သီး၊ အသီး အရွက်နဲ့ ဘုရာပန်းတွေတစ်ပတ်စာ ဝယ်ရောင်းလုပ်နေတာ” လို့ ကုန်စိမ်းဈေးသည်တစ်ဦးကပြောပါတယ်။

စိုင်ပြင်မြို့က ဈေးကို စစ်ကောင်စီက ပိတ်လိုက်တာကြောင့် ဒေသတွင်း ပြည်သူအများအပြား ချက်ပြုတ်ရေး ပစ္စည်းများဝယ်ယူရာမှာ အခက်အခဲနေကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေက မြို့အဝင်အထွက်တွေမှာ စစ်ဆေးရေးဂိတ်တွေ ထားရှိပြီး လာသမျှလူကို တင်းတင်းကြပ်ကြပ်စစ်ဆေးကာ  ဖမ်းဆီးပြီး ငွေကြေးနဲ့ပြန်ရွေးခိုင်းတာကြောင့် အခြားမြို့နယ်တွေကနေ ဈေးလာဝယ်သူတွေလည်း အခက်အခဲ ကြုံနေကြတယ်လို့ သိရပါတယ်။

4 hours Ago

ပြည်ပအလုပ်အကိုင်အကျိုးဆောင်လုပ်ငန်း ၂၆ ခုကို စစ်ကောင်စီက လိုင်စင်ပိတ်သိမ်း

အာမခံကြေး ကျပ်သိန်း ၂၀၀ မပေးသွင်းတဲ့ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လုပ်ငန်း ၂၆ ခုကို လိုင်စင်ပိတ်သိမ်းလိုက်တယ်လို့ စစ်ကောင်စီလက်အောက်ခံ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက အောက်တိုဘာ ၂၆ ရက်က ထုတ်ပြန်ပါတယ်။

ပြည်ပအလုပ်အကိုင်အကျိုးဆောင်လုပ်ငန်းတွေကို စစ်ကောင်စီက လိုင်စင်အတွက်အာမခံကြေးငွေ ကျပ်သိန်း ၂၀၀  ဖိအားပေးသွင်းခိုင်းခဲ့တဲ့အတွက်  မဖြစ်မနေသွင်းလိုက်ရတဲ့ ပြည်ပအလုပ်အကိုင်အကျိုးဆောင်အရေအတွက်က ၂၉၅ ခုရှိပြီး အာမခံကြေး မသွင်းတဲ့ လုပ်ငန်း ၂၆ ခုက လိုင်စင်ပိတ်သိမ်းခံရတာ ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး Myanmar Overseas Employment Agencies Federation (MOEAF) မှ အသင်းဝင်အေဂျင်စီတဦးက “အခုအချိန်က ကျပ်တည်းတဲ့ကာလဆိုတော့ တချို့ကလည်း အဆင်မပြေကြလို့လား မသိပါဘူး။ ဒါကတော့ ဝန်ကြီးဌာနရဲ့ သဘောပေါ့နော်။ နဂိုသွင်းထားတာက လိုင်စင်ကြေးက ကျနော်တို့ သိန်း ၅၀ ရှိတယ်။ အခုဟာနဲ့ဆိုရင် သိန်း ၂၅၀ ဖြစ်သွားတာပေါ့။ ဒါက deposit တင်ထားရတာ။ အဲ့လိုပဲ တကယ်လို့ ထိုင်းနိုင်ငံအတွက် အလုပ်သမားလွှတ်ဖို့ဆိုရင် ထိုင်းလိုင်စင်ကြေးအတွက် သက်သက်ပေးရတယ်။ အဲ့ဒါ ယူမယ်ဆိုရင် နောက်ထပ် သိန်း ၅၀ ပေးရတယ်။ ဆိုတော့ သိန်း ၃၀၀ ဖြစ်သွားပြီ။ ဒါ့အပြင် annual fee ဆိုတာကလည်း ရှိပါတယ်။ ဒါကတော့ နှစ်စဉ်သက်တမ်းတိုးရတယ်။ တနှစ်ကို ၂ သိန်းနဲ့ပေါ့နော်” လို့ ပြောပါတယ်။

အခုလို စီးပွားရေးကျပ်တည်း အလုပ်အကိုင်တွေ အဆင်မပြေတဲ့ စစ်အာဏာသိမ်း ကာလမှာ လိုင်စင်အတွက် အာမခံကြေးထပ်မံသွင်းခိုင်းတဲ့အပေါ် မကျေနပ်မှုတွေကလည်း ရှိနေပါတယ်။

ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတခုကတော့ “ကျနော်တို့ ပြည်ပအလုပ်အကိုင်အေဂျင်စီအတွက် လိုင်စင်ကြေး သိန်း ၅၀နဲ့ ထိုင်းလိုင်စင်အတွက် သိန်း ၅၀ သွင်းပြီး တရားဝင်လိုင်စင်ယူထားတာပါ။ ဘာကြောင့် ထပ်ပြီးတော့ သိန်း၂၀၀ ကို ထပ်သွင်းခိုင်းရတာလဲ။ ငွေသွင်းပြီးတဲ့ အေဂျင်စီတွေကကော အလုပ်လုပ်လို့ရပြီလား။ အခုဖြစ်နေတဲ့ ငဗစ်ကော၊ ငစစ်ကော အကျပ်အတည်းမှာ အတင်းအဓမ္မတောင်းနေတာက ဘာရည်ရွယ်ချက်လဲ” လို့ဆိုပါတယ်။

လက်ရှိမှာဆိုရင်လည်း ပြည်တွင်းမှာ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ပြည်ပနိုင်ငံတွေကို ထွက်ခွာပြီး အလုပ်လုပ်ချင်တဲ့ အလုပ်သမားတွေကိုလည်း  လေဆိပ်မှာ ထွက်ခွင့်မပြုဘဲ ပြန်လွှတ်နေတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဒါနဲ့ပတ်သက်ပြီး Myanmar Overseas Employment Agencies Federation (MOEAF) မှ အသင်းဝင်အေဂျင်စီတဦးက “အခုထွက်လို့မရဘူးဆိုတာက တရားမဝင် ထွက်တဲ့ သူတွေပါ။ ပြောရရင် လိုင်စင်ရ အေဂျင်စီ မဟုတ်ဘူးပေါ့။ အပြင်ပွဲစား တွေနဲ့ပေါ့။ ဒါပေမဲ့  အေဂျင်စီမှာလည်း တချို့ ရှိနိုင်တယ်။ ဒါဆိုရင်တော့ သူတို့က တရားမဝင်ဘူးပေါ့။ အဲ့ဒါကို သိရင်တော့ အဲ့ဒီ့အေဂျင်စီလည်း အရေးယူခံရမှာပေါ့။ ဘာလို့လဲဆို သူက ဝန်ကြီးဌာနမှ ခွင့်ပြုမိန့်အတွက် တရားဝင် တင်ကို တင်ရမှာ လေ။ ဝန်ကြီးဌာနက ထွက်ခွင့်ပြုပြီဆိုရင် အဲ့အချိန်မှာ Smart Card သို့မဟုတ် OWIC (ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်ပြား)ပေးလုပ်တယ်လေ။ အဲ့ဒါလုပ် ပြီးသွားရင်တော့ သူက ထွက်ခွာခွင့် ရှိသွားပြီ။ လက်ထဲက Passport ကတော့ Passport for Job (PJ) ဖြစ်ရမယ်ပေါ့နော်။ တကယ်လို့ Passport က Passport for Job (PJ) မဟုတ်ဘူးဆိုရင် မပေးဘူး။ တချို့က PV ဖြစ်နေရင် ပြန်ပြင်ပေါ့။ အဲ့ဒါမျိုး ဖြစ်နေတာ။ အခုက ကိုယ့်ဘာကိုယ် နားလည်မှုနဲ့ ထွက်ကြတာဆိုတော့ အဲ့လိုတွေ ဖြစ်နေတာ” လို့ပြောပါတယ်။

မြန်မာနိုင်ငံကနေ ပြည်ပထွက်ခွာပြီး ရွှေ့ပြောင်းလုပ်ကိုင်ကြတဲ့နေရာမှာ ထိုင်းနဲ့ မလေးရှား နိုင်ငံက အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံအတွက် သွားရောက်လုပ်ကိုင်မယ်ဆိုရင် တရားဝင်ကုန်ကျစရိတ်က မြန်မာငွေ ကျပ်တသိန်းခွဲနဲ့ ထိုင်းဘက်က သတ်မှတ်ထားတဲ့ ထိုင်ငွေ ဘတ် ၅၀၀၀ ရှိပြီး မလေးရှားနိုင်ငံအတွက်က အမေရိကန်ဒေါ်လာ ၈၅၀ လောက်ကုန်ကျမယ်လို့ သိရပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုတွေကြောင့်  ပြည်တွင်းမှာ စီးပွားရေး ပျက်ကပ်ကြုံတွေ့ နေရပြီး အလုပ်အကိုင်ရှားပါးမှုတွေကြောင့်  နယ်စပ်ဒေသတွေကနေ  ထိုင်းနိုင်ငံကို  တရားမဝင် ထွက်ခွာလာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေလည်း နေ့စဉ် ဖမ်းဆီးခံနေရပါတယ်။

4 hours Ago

နေပြည်တော်တွင် စစ်ကောင်စီခန့် ရာအိမ်မှူး ၁ ဦး ပစ်သတ်ခံရ

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇီးကုန်းကျေးရွာအုပ်စု၊ သာယာဝှမ်းကျေးရွာအနီးမှာ စစ်ကောင်စီခန့်ရာအိမ်မှူး ဦးဌေးအောင်  အောက်တိုဘာလ ၂၆ ရက် မနေ့ညနေ ၅ နာရီလောက်က ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။

ဒေသခံတဦးက “ပစ်သတ်ခံရသူက စစ်ကောင်စီခန့်ရာအိမ်မှူး ဦးဌေးအောင်လေ။ ညနေက ဆိုင်ကယ်နဲ့ ကျည်တောင်ကန်ကျေးရွာဘက်ကနေ ဇီးကုန်းဘက်ကို ရွာလမ်းအတိုင်းပြန်လာရင်း လမ်းမှာပစ်သတ်ခံရတာ။ ကျည်ဆန်မှန်ရာ ၄ ချက်တွေ့တယ်။ နေရာမှာသေသွားတယ်” လို့ ပြောပြပါတယ်။

ရာအိမ်မှူး ဦးဌေးအောင်ဟာ စစ်ကောင်စီတပ်သားတွေနဲ့ ရောရောနှောနှောနေတတ်ပြီး ဒေသခံလူငယ်တွေအား မျက်ခြည်မပြတ်စောင့်ကြည့်ကာ စစ်ကောင်စီကို သတင်းပေးနေတဲ့ ဒလန်တဦးဖြစ်တယ်လို့လည်း ဒေသခံတဦးက ပြောပါတယ်။

ဦးဌေးအောင်ဟာ နေပြည်တော်မှာ စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေထဲက ပထမဆုံး ပစ်သတ်ခံရသူဖြစ်ပြီး အဆိုပါပစ်ခတ်မှုကို ဘယ်အဖွဲ့က ပြုလုပ်တယ်ဆိုတာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

အခုရက်ပိုင်း နေပြည်တော်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေအပါအဝင် ဗုံးခွဲတိုက်ခိုက်မှုတွေ ခပ်စိတ်စိတ်ဖြစ်လာကာ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုတွေလည်း ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

6 hours Ago

October 26, 2021

အာဆီယံကို မကျေနပ် သပိတ်မှောက်နေခြင်းမဟုတ်ဟု စစ်ကောင်စီထုတ်ပြန်

အာဆီယံထိပ်သီးအစည်းအဝေးကို မတက်နိုင်တာဟာ အာဆီယံအား မကျေနပ်မှုကို ပြသလိုတဲ့ သဘောဆန္ဒနဲ့ ပြုလုပ်ခဲ့တာမဟုတ်တဲ့အပြင်၊ အာဆီယံကို သပိတ်မှောက်နေတာလည်း မဟုတ်ကြောင်းနဲ့ အဖွဲ့ဝင်နိုင်ငံတနိုင်ငံရသင့်တဲ့ အခွင့်အရေးကိုတောင်းဆိုခြင်းသာဖြစ်တယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးဌာနက အောက်တိုဘာ ၂၆ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။

(၃၈) ကြိမ်မြောက်နဲ့  (၃၉) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွေနဲ့  ဆက်စပ် ထိပ်သီးအစည်းအဝေးတွေကို အောက်တိုဘာ ၂၆ ရက်ဒီကနေ့စတင်ပြီး   မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်ကို မဖိတ်ဘဲ  ကျင်းပနေတာဖြစ်ပါတယ်။

အာဆီယံအနေနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဆုံးဖြတ်ချက်အရ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဖိတ်ဘဲ မြန်မာနိုင်ငံမှ နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့ ကိုယ်စားလှယ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးကို တက်ရောက်ဖို့   အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံက ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။

ဒီဖိတ်ကြားချက်နဲ့ ပတ်သက်ပြီး မြန်မာစစ်ကောင်စီဘက်လက်မခံကြောင်းနဲ့ နိုင်ငံ့အကြီးအကဲအဆင့် သို့မဟုတ် ပြည်ထောင်စုဝန်ကြီးအဆင့် တက်ရောက်ခွင့်ရမှသာ အစည်းအဝေး တက်မယ်လို့ အကြောင်းပြန်ခဲ့ပေမဲ့ အာဆီယံကတော့ ယခင် ဆုံးဖြတ်ချက်အတိုင်း မပြောင်းလဲပဲ စစ်ခေါင်းဆောင်ကို  အစည်းအဝေးတက်ခွင့် မပြုခဲ့တာဖြစ်ပါတယ်။ 

စစ်ကောင်စီကတော့ မြန်မာနိုင်ငံအနေနဲ့ အာဆီယံဘုံသဘောတူညီချက်  (၅) ချက် အကောင်အထည်ဖော်ရာမှာ အာဆီယံနဲ့ အပြုသဘော ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဌာန သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုမှုနဲ့ ပတ်သက်ပြီး အာဆီယံ ဥက္ကဋ္ဌရဲ့ ဆုံးဖြတ်ချက်ကို မလေးရှားနိုင်ငံအနေနဲ့ အပြည့်အဝထောက်ခံကြောင်း မလေးရှားဝန်ကြီးချုပ် အစ္စမေးလ်ဆာဘရီယာကွတ်ဘ်က စတင်ကျင်းပတဲ့ အာဆီယံထိပ်သီး အစည်းအဝေးနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကလည်း  အခုထိပ်သီး အစည်းအဝေးပွဲမှာ မြန်မာအတွက် လမ်းဖွင့်ပေးခဲ့ပေမယ့် မြန်မာကိုယ်စားလှယ်မပါဝင်နိုင်တာ အာဆီယံအပြစ်မဟုတ်ဘူးကြောင်း၊ မြန်မာစစ်တပ်ဟာ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မရှိခဲ့ဘူးလို့ ပြောပါတယ်။

1 day Ago

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တရားရုံးတွင် ထွက်ဆို

သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဒေါက်တာမျိုးအောင်တို့ သုံးဦးတွဲ တရားစွဲခံထားရတဲ့ ပုဒ်မ ၅၀၅(ခ) အမှုအတွက် အောက်တိုဘာ ၂၆ရက်နေ့က နေပြည်တော်ရုံးချိန်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ထွက်ဆိုခဲ့ပါတယ်။

တရားလိုတွေရဲ့မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ကောင်းကောင်းတုံ့ပြန်ဖြေကြားနိုင်ခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတစ်ယောက်ကပြောပါတယ်။

အမှုစစ်ဖြစ်တာမှန်ပေမယ့် အသေးစိတ်အချက်အလက်တွေကိုရရှိဖို့တော့ ခက်ခဲတယ်လို့ ဆိုပါတယ်။ တရားလိုတွေဘက်က ဘာတွေမေးတယ်၊ အတိုင်ပင်ခံပုဂ္ဂိုလ်က ဘာတွေပြန်ဖြေကြားတယ်ဆိုတဲ့ အကြောင်းအရာတွေကို အသေစိတ် မသိရသလို တရားရုံးက တစုံတရာ ထုတ်ပြန်တာလည်းမရှိခဲ့ပါဘူး။

နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ရှေ့နေအဖွဲ့မှာမူလက ဦးခင်မောင်ဇော်၊ ဦးကြည်ဝင်း၊ ဦးသဲမောင်မောင်၊ ဒေါ်စန်းမာလာညွန့်နဲ့ ဒေါ်မင်းမင်းစိုးတို့ ၅ ဦးပါဝင်ခဲ့ပြီး ၅ ဦးစလုံးကို စစ်ကောင်စီက သတင်းထုတ်ပြန်ခွင့် ပိတ်ပင်ထားပါတယ်။  အောက်တိုဘာ ၂၂ ရက်နေ့မှာတော့ ရှေ့ဦးသန်းလှိုင်နဲ့ ဦးကျော်စိန်လွင်တို့ ၂ ဦး ရှေ့နေ့အဖွဲ့မှာ ပါဝင်လာခဲ့ပါတယ်။

နိုဝင်ဘာ ၂ ရက်နေ့မှာ ၅၀၅(ခ) အမှုအတွက် ရုံးချိန်းပြန်ခေါ်ထားပြီး နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်ကို ဆက်လက်စစ်ဆေးသွားဖို့ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှုပေါင်း ၁၁ မှုနဲ့ တရားစွဲဆိုထားတာဖြစ်ပြီး ရှေ့နေတွေကို ပြောဆိုခွင့်ပိတ်ပင်ခဲ့တဲ့အတွက် အမှုအခြေအနေအသေးစိတ်ကို ပြည်သူတွေ သိရှိရဖို့ခက်ခဲနေပါတယ်။

တရားဥပဒေကျွမ်းကျင်သူတွေကတော့ စစ်ကောင်စီရဲ့ဆောင်ရွက်ချက်တွေ၊ စွပ်စွဲချက်တွေဟာ ဥပဒေနဲ့ ညီညွတ်မှုမရှိဘူးလို့ ဝေဖန်ထားပါတယ်။

1 day Ago

ပြည်သူ့ဘက်ကို လက်နက်နှင့်တကွ ပူးပေါင်းလာပါက ကျပ်သိန်း ၅၀ ဆုချီးမြှင့်မည်ဟု ဖယ်ခုံ PDF ဖိတ်ခေါ်

စစ်ကောင်စီအကြမ်းဖက်အဖွဲ့ လက်အောက်ခံတပ်တွေအနေနဲ့ ပြည်သူလူထုဘက်ကို လက်နက်နဲ့တကွ ပူးပေါင်းလာပါက ကျပ်သိန်း ၅၀ ဆုချီးမြှင့်မယ်လို့ ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) က ဖိတ်ခေါ်ကြေညာလိုက်ပါတယ်။

နိုင်ငံတဝန်းတိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နေ့စဉ်  အကျအဆုံးများပြားနေသလို ဖယ်ခုံမြို့နယ်အတွင်း ဖယ်ခုံတိုက်ပွဲနဲ့ မိုးဗြဲတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်လောက် သေဆုံးခဲ့တယ်လို့လည်း  ဖယ်ခုံ PDFက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင်  လက်ရှိအခြေအနေမှာ  ဖယ်ခုံမြို့ပေါ်စစ်ရေး အခြေအနေတင်းမာနေပြီး တိုက်ပွဲတွေ အချိန်မရွေးဖြစ်ပေါ်လာနိုင်ပြီး စစ်ကောင်စီဘက် ရပ်တည်နေတဲ့တပ်ဖွဲ့ဝင်တွေအနေနဲ့ အဘက်ဘက်က  အန္တရာယ်တွေ ပတ်လည်ဝိုင်းနေကြောင်း ထုတ်ပြန်ထားပါတယ်။

ဒါကြောင့်  ဖယ်ခုံတပ်နယ်ရှိ စကခ-၇၊ ခမရ-၃၃၆၊ ခမရ-၄၂၁၊ ဆက်သွယ်ရေးတပ်၊ ဘီအီးတပ် ၊ပစ်ကူပေးတပ်၊ဆေးဆွယ်တို့မှ ပြည်သူဘက်သို့ ရပ်တည်လိုတဲ့ အရာရှိ၊ အရာခံ၊ အကြပ် စစ်သည်တွေအပြင် ရဲမေနဲ့ မှီခိုသူသားသမီးတွေအနေနဲ့လည်း တပ်ကို အမြန်ဆုံး စွန့်ခွာပြီး ပြည်သူ့ရင်ခွင်ခိုလုံဖို့ သတိပေးထားပါတယ်။

ပြည်သူ့ထံ ခိုလှုံရောက်ရှိလာတဲ့ ပြည်သူ့စစ်သားရဲ့ လုံခြုံရေး၊ စားသောက်နေထိုင်ရေးတွေကို အပြည့်အဝ တာဝန်ယူမှာဖြစ်သလို သေနတ်ယူဆောင်လာနိုင်တဲ့ ရဲဘော်တွေကိုလည်း ကျပ် သိန်း ၅၀ ဆုချီးမြှင့်မယ်လို့ ထုတ်ပြန်ထားပါတယ်။

ဖယ်ခုံအခြေစိုက် ခမရ ၃၃၆ တပ်ရင်း အနောက်ဘက်ဂိတ်ပေါက်ရှိ ကင်းစခန်းတခုကို အောက်တိုဘာ ၂၂ ရက်နေ့က ဖယ်ခုံ PDF တွေဝင်ရောက်တိုက်လိုက်ခဲ့ရာ အမျိုးသမီး ၃ ဦး အပါအဝင် ၅ ဦး သေဆုံးခဲ့ ပါတယ်။

ဖယ်ခံမှာရှိတဲ့ တပ်တွေကို စစ်ကူဖို့ လွိုင်ကော်ကနေ ထွက်လာတဲ့ စစ်ကောင်စီ ယာဉ်တန်းတွေဟာ မိုးဗြဲအရောက်မှာ မိုးဗြဲ PDF ရဲ့ တိုက်ခိုက်မှုကြောင့် ၁၄ ယောက်သေဆုံးပြီး ၉ ယောက် ဒဏ်ရာရ သွားပါတယ်။ 

1 day Ago
More News
Up