စစ်ကိုင်းတိုင်းဝန်ကြီးချုပ်

March 2, 2021

စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နှင့် ဥပဒေချုပ်တို့ကို အမှုဖွင့်ပြီး မုံရွာထောင်တွင် ချုပ်နှောင်

စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နဲ့ ဥပဒေချုပ် ဦးခင်မောင်လှတို့ကို အာဏာသိမ်းစစ်ကောင်စီက  နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့်ကာ မုံရွာအကျဉ်းထောင်မှာ ချုပ်‌နှောင်ထားပါတယ်။

ဒီအတွက် မုံရွာမြို့က တရားလွှတ်တော်ရှေ့နေ ဦးမိုးဇော်ထွန်းက မုံရွာထောင်ကို သွားရောက်ကာ ရှေ့နေလွှဲစာရရှိရေးနဲ့ တွေ့ဆုံခွင့်ရရှိရေးတောင်းဆိုခဲ့ပေမယ့် လွှဲစာမှာ လက်မှတ်ထိုးတာကိုတော့ရရှိခဲ့ပြီး တွေ့ခွင့်တော့ မရရှိခဲ့ပါဘူး။ 

ရုံးချိန်းကိုတော့ မတ်လ ၅ ရက်နေ့ကို ချိန်းဆိုထားတယ်လို့ သိရပါတယ်။ ရှေ့နေ အတွက်တော့ အစွပ်အစွဲခံရသူနဲ့တွေ့ခွင့်မရတာဟာ  အမှုအတွက် အကြီးမားဆုံး အခက်အခဲပဲလို့ ဦးမိုးဇော်ထွန်းက ပြောပါတယ်။

စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝင်တွေထဲက ဝန်ကြီးချုပ်နဲ့  ဥပဒေချုပ်တို့ကိုသာ ဖမ်းဆီးတရားစွဲဆိုထားတာဖြစ်ပြီး ကျန်တဲ့ ဝန်ကြီးတွေကိုတော့ မနေ့က နေအိမ်အရောက် ပြန် ပို့ဆောင်ပေးလိုက်ပြီဖြစ်ပါတယ်။

2 months Ago

February 20, 2021

ဖမ်းဆီးခံ စစ်ကိုင်းဝန်ကြီးချုပ်နှင့်ဥပဒေချုပ်တို့ကို သပိတ်စစ်ကြောင်းက အကျဉ်းထောင်ရှေ့ သွားရောက်ဝန်းရံ

ဖေဖော်ဝါရီ ၁၉ ရက်နေ့က မုံရွာအကျဉ်းထောင် ပို့ဆောင်လိုက်တဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နဲ့ စစ်ကိုင်းတိုင်း ဥပဒေချုပ် ဦးခင်မောင်လှတို့ကို မုံရွာ ပင်မသပိတ်စစ်ကြောင်းက  အကျဉ်းထောင်ရှေ့မှာ ဒီနေ့မနက် သွားရောက်ဝန်းရံခဲ့ကြပါတယ်။

ဒါ့အပြင် တိုင်းအစိုးရအဖွဲ့ဝင်တွေကို ဖမ်းဆီးတဲ့ကိစ္စ ချက်ချင်းရပ်တန့်ဖို့နဲ့ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ကိုလည်း ဝောာင်းဆိုခဲ့ကြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်အနေနဲ့ အွန်လိုင်းကနေ မိန့်ခွန်းပြောကြားတာ၊ တိုင်းဥပဒေချုပ်ကိုတော့ ပြည်သူ့အစိုးရမဖွဲ့ခင်အထိ ဝန်ထမ်းတွေကို တိုင်းအစိုးရကိုယ်စား ရုံးပိတ်ရက်အဖြစ် ကြေညာတာကြောင့် နှစ်ဦးလုံးကို ပုဒ်မ ၅၀၅ (ခ) နဲ့ အမှုဖွင့် တရားစွဲထားတာလို့ သိရပါတယ်။

စစ်အာဏာရှင်အလိုမရှိကြောင်း ဒီနေ့ မုံရွာပင်မသပိတ်စစ်ကြောင်းမှာတော့ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ မြို့ခံပြည်သူ ၁ သိန်းကျော်ပါဝင်ခဲ့ကြပါတယ်။

ရန်နိုင်စိုး

3 months Ago
More News
Up