စစ်ရေးအသုံးစရိတ်

February 25, 2016

သြစတြေးလျ စစ်ရေးအသုံးစရိတ် တိုးမြှင့်မည့် အစီအစဉ် ကြေညာ

အာရှ-ပစိဖိတ်ဒေသမှာ တရုတ်နိုင်ငံရဲ့ စစ်အင်အား ကြီးမားလာတဲ့အတွက် သြစတြေးလျနိုင်ငံကလည်း စစ်ရေးအသုံးစရိတ် သိသိသာသာ တိုးမြှင့်မယ့် အစီအစဉ်တွေကို ဖေဖော်ဝါရီ ၂၅ ရက်နေ့က ကြေညာခဲ့ပါတယ်။ လာမယ့် ၁၀ နှစ်အတွင်း သြစတြေးလျ ကာကွယ်ရေးအသုံးစရိတ် အမေရိကန်ဒေါ်လာ ၂၁ ဘီလီယံခွဲ သုံးစွဲသွားမယ်လို့ သြစတြေးလျအစိုးရရဲ့ ၂၀၁၆ ကာကွယ်ရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ သြစတြေးလနိုင်ငံက ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေဟာ နိုင်ငံတကာ ပဋိပက္ခတွေတင် မဟုတ်ဘဲ နိုင်ငံတကာ အကြမ်းဖက်မှု၊ ခေတ်သစ်နည်းပညာ စစ်ရေးစိန်ခေါ်မှုတွေနဲ့ ကမ္ဘာ့ရာသီဥတု အကြီးအကျယ် ပြောင်းလဲမှု စတာတွေပါဝင်တယ်လို့ သြစတြေးလျဝန်ကြီးချုပ် မဲလ်ကွန်းမ် တန်းဘူးလ် (Malcolm Turnbull) က ပြောပါတယ်။ အခုတိုးမြှင့်မယ့် စစ်ရေးအသုံးစရိတ်ရဲ့ ၂၅ ရာခိုင်နှုန်းကို သြစတြေးလျ ရေတပ်အတွက် အဓိက သုံးစွဲသွားမှာဖြစ်ပြီး ရေငုပ်သင်္ဘောသစ် ၁၂ စီးနဲ့ စစ်သင်္ဘာတွေ ၀ယ်ယူအားဖြည့်သွားမယ်လို့ ဆိုပါတယ်။ သြစတြေးလျတပ်ဖွဲ့ဝင် အင်အားကိုလည်း ၆ သောင်းကျော်အထိ တိုးမြှင့်သွားမှာ ဖြစ်ပါတယ်။ သြစတြေးလျ လေတပ်ကိုတော့ မောင်းသူမဲ့ ဒရုန်းလေယာဉ်တွေ အပါအ၀င် အရင်ကလည်း ကြေညာထားပြီးဖြစ်တဲ့ ဘက်စုံသုံး တိုက်လေယာဉ် ၇၂ စီးနဲ့ အီလက်ထရောနစ် စစ်ဆင်ရေးသုံး တိုက်လေယာဉ် ၁၂ စီးကိုလည်း လာမယ့်နှစ်တွေအတွင်း ၀ယ်ယူသွားမယ်လို့ သြစတြေးလျ ကာကွယ်ရေး အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။
5 years Ago
Up