စစ်ကိုင်းတိုင်း

July 12, 2019

စစ်ကိုင်းတိုင်းတွင် တရက်တည်း မူးယစ်ဆေးဝါးအမှု ၉ မှု ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီးမှာ ဇူလိုင် ၁၁ ရက်နေ့ တရက်တည်းမှာတင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု  ၉ မှုအထိ ရှိခဲ့တယ်လို့ စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ မူးယစ်ဆေးဝါးတွေကိုတော့ ခန္တီး၊ ဗန်းမောက်၊ အင်းတော်၊ မုံရွာ စတဲ့မြို့နယ်တွေမှာ အဓိက ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေရဲ့ ကာလတန်ဖိုး ကျပ်သိန်း ထောင်နဲ့ ချီ ရှိပါတယ်။  အင်းတော်မြို့နယ်၊ လယ်ပြင်ကျေးရွာ၊ ရွှေဘို-မြစ်ကြီးနားလမ်းမပေါ်မှာ ဆိုင်ကယ်နဲ့ မသင်္ကာဖွယ်အမျိုးသားတဦးကို တားဆီးစစ်ဆေးရာကနေ ကျပ်သိန်း ၁၅၄၀ တန်ဖိုးရှိတဲ့ ဘိန်းဖြူလို့ ယူဆရတဲ့ ဖြူဝါကြားအမှုန့်ပါ ဆပ်ပြာခွက် ၁၅၄ ခွက်ကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။ ဒါ့အပြင် ညပိုင်းမှာလည်း မုံရွာမြို့ ကန်သာဦးရပ်ကွက်အတွင်း အိမ်ငှားနေထိုင်သူတွေထံကနေ ပန်းရောင်စိတ်ကြွဆေးပြား ၅၄၃၂ ပြားနဲ့  ဘိန်းဖြူလို့ ယူဆရတဲ့ အမှုန့် ၂.၆၅ ဂရမ် စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း ၂၇၀ ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့တာပါ။  စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလေးစိုးက “ပမာဏကတော့ စုစုပေါင်းကတော့ ပြန်ပေါင်းမှရမယ်။ မနေ့က တနေ့တည်းတင် ၉ မှုရတယ်။ မူးယစ်အထူးအဖွဲ့က ၁ မှု၊ ကျန်တာ နယ်ရဲက ဖမ်းတာ ၈ မှုရှိတယ်။ အများစုကတော့ ကသာခရိုင်ပေါ့။ ဒီထက်တိုးဖမ်းဖို့အတွက်ပဲ တပ်ဖွဲ့ဝင်တွေ စည်းရုံးရင်းနဲ့ ပြောနေတယ်။ မိလေကောင်းလေပေါ့။ များများမိလေ ကောင်းလေပေါ့။ နေရာတိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေပြီလေ။ တိုးဖမ်းဖို့အတွက်ပဲ သတင်းရအောင် စုံစမ်းပြီးတော့ တခါတလေ ချပြနိုင်လည်း ချပြတာတွေ လုပ်ရတာပေါ့” လို့ ပြောပါတယ်။ ဇူလိုင်လအတွင်း မုံရွာမြို့မှာ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုအနေနဲ့ တရက်တည်းမှာ ၄ မှုရရှိခဲ့သလို ဒုတိယပတ်အတွင်းမှာလည်း အနည်းဆုံး ၆ ကြိမ်ထက်မနည်း ဖမ်းဆီးရမိခဲ့ပါတယ်။ မုံရွာမြို့က ဖမ်းဆီးရမိမှုတွေထဲမှာ ဆိုင်ကယ်၊ ကားတွေနဲ့ မြို့ထဲ နေရာအရောက် မူးယစ်ဆေးဝါးတွေ လှည့်လည်ရောင်းချနေတာတွေပါသလို သစ်ထုတ်ရေးဝန်ထမ်းတဦးထံကပါ ဖမ်းဆီးရမိနေတာပါ။ “နယ်မှာက ဖမ်းဆီးမှု အားကောင်းတယ်။ မုံရွာမြို့ပေါ်က အားနည်းတယ်။ လူအင်အားလည်း အခုမှ ပြန်စုဖွဲ့ရတာ။ မြို့ပေါ်မှာလည်း ရှိနိုင်တယ်ဆိုပြီး စုံစမ်းခိုင်းပြီး ဖမ်းခိုင်းလို့ ၂၄ နာရီအတွင်း ၄ မှု မိတာလေ။ မူးယစ်ဆေးဝါးကိုတော့ စုံစမ်းဖော်ထုတ်သတင်းတွေ၊ ချပြသတင်းတွေနဲ့ လိုက်ပြီးတော့ တိုးပြီး ဖမ်းဆီးနေပါတယ်။ လို့ စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှုး ရဲမှူးကြီး လေးစိုးက ပြောပါတယ်။ အခုနှစ် ဇန်နဝါရီလကနေ မေလကုန်အထိ စစ်ကိုင်းတိုင်းမှာ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ၇၈၅ မှုရှိခဲ့ပြီး အရင်နှစ်က ကာလတူထက် အမှု ၁၀၀ ကျော်တိုးလာခဲ့ပါတယ်။ စစ်ကိုင်းတိုင်းအတွင်းမှာ မူးယစ်ကာကွယ်တားဆီးရေးနဲ့ ပတ်သက်ပြီး မုံရွာ၊ ကသာ၊ ကလေး၊ တမူး၊ ဟုမ္မလင်း စတဲ့ မြို့တွေမှာထားရှိပြီး နောက်ထပ်လည်း ကောလင်းမြို့မှာ အသစ်တိုးချဲ့ဖွဲ့စည်းဖို့ လုပ်ဆောင်နေပါတယ်။  
2 years Ago

ချင်းတွင်းမြစ်ရေတက်လာသဖြင့် ခန္တီးမြို့နယ် ကျေးရွာအချို့ရေကြီးနေ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်မှာ မိုးမဆက်မပြတ် ရွာသွန်းနေလို့ ချင်းတွင်းမြစ်ရေဟာ ဇူလိုင် ၁၂ ရက် မနက်ပိုင်းက မြင့်တက်လာပြီး ကျေးရွာတချို့မှာ ရေတွေ ၀င်ရောက်လာနေပါတယ်။ ခန္တီးအထက်ပိုင်းဒေသက ရွှေမြင့်မိုရ်ကျေးရွာနဲ့ ဆင်သေကျေးရွာတို့မှာ မြစ်ရေတွေဝင်ရောက်လာလို့ ဒေသခံတွေကို ဘေးလွတ်ရာပြောင်းရွှေ့ရဖို့ ရှိနေတယ်လို့  ခန္တီးမြို့နယ် အန်အယ်လ်ဒီ ပါတီဥက္ကဋ္ဌ ဦးဆေးခိုပေါင်က ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့ ဆင်သေကျေးရွာမှာ ဈေးကတော့ ပြောင်းရွေ့ထားတယ်။ လူနေအိမ်တွေတော့ ပြောင်းရွေ့တာမရှိသေးပါဘူး။ မြစ်ရေဆက်တက်လာရင် ပြောင်းရွေ့ရမယ့် အနေထားတွေရှိတယ်” ချင်းတွင်းမြစ်ရေဟာ ဒီကနေ့ ဇူလိုင် ၁၂ရက်မနက်ပိုင်းမှာ ၁၂၆၃ စင်တီမီတာကို ရောက်ရှိလာပြီး ခန္တီးမြို့ရဲ့ စိုးရိမ်ရေမှတ် ၁၃၆၀ စင်တီမီတာအထိ ရောက်ရှိဖို့  နီးကပ်လာ နေပါတယ်။    
2 years Ago

June 22, 2019

စစ်ကိုင်းတိုင်းတွင် ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့များ ဆွေးနွေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ စစ်ကိုင်းတိုင်းအတွင်းက နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့တွေ ဇွန် ၂၁ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ) ဦးမြင့်အောင် နဲ့ စစ်ကိုင်းတိုင်းအတွင်း နိုင်ငံရေးပါတီ ၉ ခုက ပါတီခေါင်းဆောင်တွေ၊ ဒေသခံ အရပ်ဘက်အဖွဲ့အစည်း ၁၄ ခုက ကိုယ်စားလှယ်တွေ ဇွန် ၂၁ ရက်နေ့က မုံရွာမြို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီခန်းမမှာ တွေ့ဆုံကာ ရွေးကောက်ပွဲဆိုင်ရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒီတွေ့ဆုံဆွေးနွေးပွဲကို ပထမဆုံးအကြိမ်ပြုလုပ်တာဖြစ်ပြီး ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွေရဲ့ အတွေ့အကြုံတွေနဲ့ပတ်သက်လို့ အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲတာဝန်ရှိသူတွေက လာမယ့် ၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ မဲဆန္ဒရှင်စာရင်းပြုစုတာအပါအဝင် ကြိုတင်ပြင်ဆင်နေတာတွေ၊ ပြင်ဆင်ဖြည့်စွက်ပယ်ဖျက်ဖို့ လိုအပ်နေသေးတဲ့ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေနဲ့ပတ်သက်ပြီး လုပ်ဆောင်ချက်တွေကိုလည်း ရှင်းလင်း ပြောကြားခဲ့ကြပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဟာ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ တိုင်းအတွင်းက ဌာနဆိုင်ရာတွေနဲ့လည်း တွေ့ဆုံကာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အပြန်အလှန်ဆွေးနွေးတာတွေလည်း သီးသန့်ပြုလုပ်ခဲ့ပါသေးတယ်။
2 years Ago
More News
Up