ငွေပြန်အမ်

May 14, 2020

မန်စီးတီးအသင်းက ပွဲကျန်လက်မှတ်များအတွက် ပရိသတ်ကို ငွေပြန်အမ်းမည်

လက်မှတ်ဝယ်ယူထားတဲ့ ပရိသတ်တွေကို ငွေပြန်အမ်းဖို့ မန်စီးတီးအသင်းက ကမ်းလှမ်းလိုက်ပါတယ်။ ပက်ဂွါဒီယိုလာရဲ့ အသင်းဟာ ဒီရာသီအတွက် အိမ်ကွင်း အီတီဟတ်မှာ ၆ ပွဲ ကစားဖို့ ကျန်ရှိနေဆဲ ဖြစ်ပေမယ့် ပွဲစဉ်တွေမှာ ပရိသတ်တွေ ဝင်ရောက်ခွင့်မရဖို့ သေချာသလောက် ရှိနေတာကြောင့် အခုလို ငွေပြန်အမ်းတာပဲ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေဟာ ပွဲစဉ်တွေကို ပြန်လည်စတင်နိုင်ရေး ဆောင်ရွက်နေပေမယ့် နောက်ဆုံး ထွက်ပေါ်လာတဲ့ ဗြိတိန်အစိုးရရဲ့ ကြေညာချက်မှာ အားကစားပွဲတွေဟာ ဇွန် ၁ ရက်နေ့အထိ ပြန်လည်ကျင်းပခွင့်မရှိသလို ကျင်းပခဲ့ရင်လည်း ပရိသတ်မပါဘဲ ကွင်းပိတ်ကစားရမှာ ဖြစ်ပါတယ်။  ရီးရဲလ်မက်ဒရစ်အသင်းကို စပိန်မြေမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက် ဒုတိယအကျော့ ပွဲစဉ်တွေအတွက် လက်မှတ်တွေဟာလည်း အကုန်ရောင်းချခဲ့ရပြီး အဝေးကွင်းပွဲစဉ် လက်မှတ်တွေနည်းတူ ချန်ပီယံလိဂ် ဒုတိယအကျော့အတွက် လက်မှတ်ဖိုးကိုလည်း အပြည့်အဝ ပြန်အမ်းပေးသွားမှာ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ အခြေအနေတွေကြောင့် တားမြစ်ပိတ်ပင်မှုတွေ ရှိနေပေမယ့်လည်း မန်စီးတီးသင်းဟာ နောက်ရာသီအတွက် လက်မှတ်ရောင်းချနိုင်မယ့် အချိန်ကို စောင့်ဆိုင်းနေပါတယ်။  “ရာသီသစ်အတွက် လက်မှတ်ရောင်းချိန်ကို စဉ်းစားသုံးသပ်နေဆဲ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အတည်ပြုချက်ရရှိပြီးချိန်မှာ ထုတ်ပြန်ကြေညာမှု လုပ်ဆောင်သွားပါ့မယ်” လို့လည်း မန်စီးတီး ပရိသတ်တွေဆီကို ပေးပို့တဲ့ စာတစောင်မှာ ဖော်ပြထားပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြန်လည်စတင်ချိန်မှာ ပွဲတွေကို ကြားကွင်းတွေမှာ ကန်ဖို့ အဆိုပြုမှုတွေ ရှိခဲ့ပေမယ့် အသင်းအားလုံးက ဒီကိစ္စကို လက်မခံတာကြောင့် မန်စီးတီးအသင်းဟာ ကျန်ရှိနေသေးတဲ့ အိမ်ကွင်းပွဲစဉ်အားလုံးကို အီတီဟတ်မှာပဲ ကစားသွားဖို့ ရှိနေပါတယ်။  မန်စီးတီးအသင်းရဲ့ ပွဲကျန်တွေမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးအသင်းနဲ့ ပွဲတပွဲလည်း ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ နောက်ထပ်နှစ်ပွဲကို အနိုင်ကစားရုံနဲ့ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်တော့မှာဖြစ်ပြီး ဒီပွဲနဲ့ပတ်သက်လို့ စိုးရိမ်စိတ်ဖြစ်မိတယ်လို့ ဂရိတ်မန်ချက်စတာ ရဲတပ်ဖွဲ့ရဲ့ အရာရှိတဦးက ပြောပါတယ်။ ကွင်းအတွင်း ဝင်ရောက်ကြည့်ရှုခွင့် မရှိပေမယ့် ပရိသတ်တွေဟာ ကွင်းပြင်ပမှာ လာရောက် စုဝေးကြမှာကို စိုးရိမ်တာ ဖြစ်ပါတယ်။
12 months Ago
Up