ငြိမ်းချမ်းရေး

February 22, 2021

မြစ်ကြီးနားတွင် ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံဆုတောင်းပွဲလုပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊  ဆွမ်ပရာဘွမ်လမ်းနဲ့ ဆမားလမ်းထောင့် ကျောက်စိမ်းတုံး အနီးမှာ ဖေဖော်ဝါရီ ၂၁ ရက် ညနေ ၅ နာရီလောက်မှာ ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ဖယောင်းတိုင်ထွန်း ဆုတောင်းခဲ့ကြပါတယ်။

ဒီမိုကရစေီ တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ ပြည်သူပြည်သား တစ်ဦးခြင်းစီနဲ့ ကျန်ရှိနေတဲ့ မိသားစုဝင် တစ်ဦးခြင်းဆီအတွက်၊ မတရား ဖမ်းဆီး ထိန်းသိမ်းခံထားရသူတွေရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးအတွက်၊ အားလုံးရဲ့ အနာဂတ်အတွက် စစ်မှန်ပြီး၊ တရားမျှတသော အုပ်ချုပ်ရေးစနစ် မြန်မာနိုင်ငံတော်မှာ ပေါ်ထွန်းလာရေးအတွက် ဆုတောင်းပေးခဲ့ကြတယ်လို့ သိရပါတယ်။

"နိုင်ငံရေးစကား မပြောတတ်ပေမယ့်  တိုင်းပြည်ကို ငြိမ်းချမ်းစေချင်တယ်၊ သာယာဝပြောစေချင်တယ်။ အမေစုကို လွတ်ခိုင်းစေချင်တယ်ပေါ့၊  သူလည်း အသက်ကြီးပြီ။ သူ့ရဲ့ ဦးဆောင်မှုကို ယုံတယ်။ ဒီတခါ ငါးနှစ်လောက်ပဲ ဦးဆောင်ပါစေ၊ ကျမတို့နိုင်ငံ သာယာဝပြောဖို့အတွက် သူ့မှာ စွမ်းရည်ရှိတယ်၊ စိတ်ဓာတ်ရှိတယ်၊ အမြင်ရှိတယ်၊ မျှော်မှန်းချက်ရှိတယ်"   လို့ ဆုတောင်းပွဲပါဝင်သူ စစ္စတာတပါး က ပြောပါတယ်။

ဘာသာပေါင်းစုံ ဆုတောင်းပွဲကို လူဦးရေ ၅၀ လောက် ဖယောင်းတိုင်ထွန်း ငြိမ်းချမ်းစွာ ဆုတောင်းခဲ့ကာ ညနေ ၆ နာရီမှာပြီးဆုံးခဲ့ပါတယ်။

3 months Ago

February 21, 2021

PCG ထုတ်ပြန်ချက် ပြန်လည်ဆွေးနွေးတိုင်ပင်နေဟု ဦးလမိုင်ဂွန်ဂျာပြော

မြစ်ကြီးနားက အကြမ်းဖက်ဖြိုခွဲသူတွေနဲ့ ပြည်သူတွေကြား ညှိနှိုင်းပေးဖို့ အဖွဲ့ဝင်တွေနဲ့ ပြန်လည်ဆွေးနွေးနေတယ်လို့ PCG အဖွဲ့ပြောခွင့်ရ ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။

ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ (PCG) က ကြားဝင် ညှိနှိုင်းပေးတော့မှာ မဟုတ်ဘူးဆိုပြီး ဖေဖော်ဝါရီ ၂၀ ရက်နေ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ အခုလို ပြောတာ ဖြစ်ပါတယ်။ 

“အခုပြည်သူလူထု ၇၅ ရာခိုင်နှုန်းက လိုလိုလားလား ပြန်လည်လုပ်ပေးဖို့၊ မပစ်ထားဖို့ တောင်းဆိုလာကြတဲ့အတွက် လုပ်ဆောင်သွားဖို့ ပြန်စဥ်းစားပြီး အဖွဲ့နဲ့ ညှိနှိုင်းတိုင်ပင်နေ ကြပါတယ်။”

မြစ်ကြီးနားမှာ တပ်မတော် အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒစပြခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်ကစပြီး PCG က အများပြည်သူ ဆန္ဒထုတ်ဖော်သည့်နေရာတွေမှာ တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ ပြည်သူတွေကြား ပြောဆိုဖြေရှင်းပေးတာ၊ ဖမ်းဆီးခံရသူတွေကို အာမခံနဲ့ ပြန်လွတ်လာအောင် ပြုလုပ်ပေးတာမျိုးတွေကို ဆောင်ရွက်ပေးနေတာပါ။

PCG အနေနဲ့ မိမိအသိစိတ်ဓာတ်နဲ့ ပြဿနာမဖြစ်အောင် ဝိုင်းဝန်းထိန်းသိမ်း ပါဝင်ပေးနေပေမယ့် ပြည်သူအချို့က အသားထဲက လောက်ထွက် စစ်တပ်လော်ဘီဆိုပြီး ဝေဖန်ခဲ့တဲ့အတွက် ဖေဖော်ဝါရီ ၂၁ ရက်နေ့ကစပြီး ခဏလေးနားရင် ကောင်းမယ်ဆိုကာ စာထုတ်ပြန်ခဲ့တာလို့ သိရပါတယ်။

ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ဟာ ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၅ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်တွေအဖြစ် ဦးလမိုင်ဂွန်ဂျာ၊ ဦးယွပ်ဇော်ခေါင်၊ ဦးခါပရာခွန်းအောင်တို့ ပါဝင်ပြီး အစိုးရတပ်မတော်နဲ့ KIO တို့အကြား ကြားဝင်ညှိနှိုင်းပေးနေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

မီးမီး

3 months Ago
More News
Up