ငိုကြွေ

May 4, 2020

နည်းပြသက်တမ်းတလျှောက် ငိုကြွေးခဲ့ရသည့် ရှုံးပွဲအကြောင်း မော်ရင်ဟို ဖွင့်ဟ

နည်းပြသက်တမ်းတလျှောက် ငိုကြွေးခဲ့ရတဲ့ တခုတည်းသော ရှုံးပွဲအကြောင်းကို မော်ရင်ဟိုက ပြန်ပြောပြခဲ့ပါတယ်။ ဒီပွဲစဉ်ဟာ သူ ရီးရဲလ်မက်ဒရစ်အသင်းမှာ နည်းပြနေစဉ် ၂၀၁၂ ခုနှစ်မှာ ကြုံတွေ့ခဲ့ရတာ ဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းကို  ရှုံးနိမ့်ခဲ့တာပါ။ ဆီမီးဖိုင်နယ်အဆင့်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ ရင်ဆိုင်တွေ့ခဲ့ရပြီး နှစ်ကျောပေါင်း ရလဒ် ၃-၃ ဂိုးနဲ့ ပင်နယ်တီအဆုံးအဖြတ်အထိ ရောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ မော်ရင်ဟိုအသင်းက ရော်နယ်ဒို၊ ကာကာနဲ့ ရာမို့စ် စတဲ့ ထိပ်သီးကစားသမားတွေဟာ ပင်နယ်တီလွဲချော်ခဲ့ရပြီး ဘိုင်ယန်မြူးနစ်အသင်းက နောက်တဆင့် တက်ရောက်နိုင်ခဲ့ကာ ဗိုလ်လုပွဲမှာ ချဲလ်ဆီးအသင်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီရှုံးပွဲနဲ့ပတ်သက်လို့ လက်ရှိစပါးအသင်းနည်းပြ မော်ရင်ဟိုက “ဒီပွဲစဉ်ဟာ ကျနော့်နည်းပြဘဝသက်တမ်းတလျှောက် ရှုံးနိမ့်ခဲ့လို့ ငိုကြွေးရတဲ့ တခုတည်းသောပွဲလည်း ဖြစ်ပါတယ်။ ဒီပွဲအကြောင်းကို ကျနော် ကောင်းကောင်းကြီး မှတ်မိပါသေးတယ်။ ကျနော့်အိမ်ရှေ့ ကားပေါ်မှာ ကျနော်ဟာ လက်ထောက်နည်းပြနဲ့အတူ ငိုကြွေးခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်ဟာ ကျနော်တို့အတွက် အကောင်းမွန်ဆုံးရာသီ ဖြစ်ခဲ့တာကြောင့် ဒီရှုံးနိမ့်မှုဟာ ကျနော့်အတွက် တော်တော်လေး ဆိုးရွားခဲ့ပါတယ်” လို့  ပြောပါတယ်။  တကယ်တမ်းမှာလည်း ၂၀၁၁-၁၂ ဘောလုံးရာသီဟာ မော်ရင်ဟိုရဲ့ ရီးရဲလ်မက်ဒရစ်အတွက် အကောင်းဆုံးအခြေအနေမှာရှိတာဖြစ်ပြီး သူတို့ဟာ လိဂ်ဖလားကို စံချိန်တင်ရမှတ်နဲ့ ဆွတ်ခူးနိုင်ခဲ့သလို သွင်းဂိုးအရေအတွက်ဟာလည်း စံချိန်တင်အနေအထားမှာ ရှိနေခဲ့ပါတယ်။ မော်ရင်ဟိုဟာ ရီးရဲလ်အသင်းကို ၂၀၁၀ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ တာဝန်ရှိယူခဲ့ပြီး သူ ကိုင်တွယ်ခဲ့တဲ့ ၁၇၈ ပွဲမှာ ၁၂၈ ပွဲအထိ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။  အဲဒီနောက်မှာတော့ သူဟာ ချဲလ်ဆီးကို တကျော့ပြန်ကိုင်တွယ်ခဲ့ပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ထပ်မံဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းကို ရောက်ရှိခဲ့ပါတယ်။  ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ၂၀၁၈ ဒီဇင်ဘာမှာ ယူနိုက်တက်အသင်းကနေ ထုတ်ပယ်ခံခဲ့ရကာ လက်ရှိအချိန်မှာတော့ နောက်ထပ် ပရီးမီးယားလိဂ်ကလပ်အသင်းတခုဖြစ်တဲ့ စပါးအသင်းကို တာဝန်ယူနေပါတယ်။
1 year Ago
Up