ငါးဖမ်းလှေ

July 25, 2019

မြိတ်မြို့ ကမ်းနီးရေငါးဖမ်းလှေများ  ငါးဖမ်းရာသီအမီ လိုင်စင်ထုတ်ပေးရန် တောင်းဆို

တနင်္သာရီတိုင်း မြိတ်ခရိုင်အတွင်း ကမ်းနီးငါးဖမ်းလှေတွေ ခေတ်နဲ့ မလျော်ညီတော့ဘဲ ရေလုပ်သားတွေအတွက် အန္တရာယ် ရှိလာနိုင်တာကြောင့် ပြင်ဆင်ချက် လုပ်ဆောင်ပေးဖို့နဲ့ ငါးဖမ်းရာသီအမီ လိုင်စင်ထုတ်ပေးဖို့ ရေလုပ်သားတွေက တောင်းဆိုခဲ့ကြပါတယ်။ မြိတ်မြို့ ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးမှာ ကမ်းနီးငါးဖမ်းလှေတွေ လိုင်စင်မရရှိသေးတဲ့အပေါ် ဌာနဆိုင်ရာတွေနဲ့ တံငါသည်တွေက ဇူလိုင် ၂၃ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီး အခုလို တောင်းဆိုခဲ့ကြတာပါ။ ပင်လယ်ပြင်အတွင်း ခွင့်ပြုထားတဲ့ ကမ်းနီးလှေတွေအတွက် မြင်းကောင်ရေ ၂၅ ကောင် အားရှိတဲ့ အင်ဂျင်နဲ့ လှေအရွယ်အစား ၃၀ ပေမှာ ခေတ်စနစ်နဲ့ မလျော်ညီတော့တဲ့အပြင် ရေလုပ်သားတွေအတွက် အန္တရာယ်ရှိလာနိုင်တာကြောင့် ပြင်ဆင်ချက်တွေ လုပ်ဆောင်ပေးဖို့ ရေလုပ်သားတွေက တောင်းဆိုခဲ့ပါတယ်။ "ကမ်းနီးရေလုပ်သားတွေအတွက် ဌာနကနေ သတ်မှတ်ထားတဲ့ မြင်းကောင်ရေ ၂၅ ကောင်နဲ့အလျားပေ ၃၀ ဆိုတာကမြေပြင်မှာ အဆင်မပြေတော့တဲ့ အနေထားဖြစ်လာတယ်။ ရေလုပ်သားတွေက လှေကို ပေ ၅၀၊ ၆၀ လောက်အထိ တိုးမြှင့်လာတယ်။ မြင်းကောင်ရေ ဆိုလည်း ၅၀ အထိ ဖြစ်လာတယ်။ လှိုင်းဒဏ်လေဒဏ်ခံနိုင်အောင် မြင်းကောင်ရေ တိုးလာတယ်။ ဌာန သတ်မှတ်ထားတဲ့ အရွယ်အစားနဲ့ မြင်းကောင်ရေထက်များလာတော့ လုပ်ငန်းလိုင်စင် မထုတ် ပေးတော့တဲ့ အနေအထားဖြစ်လာတယ်။ ရေလုပ်ငန်းတွေက လိုင်စင်မရှိလည်း ၀မ်းစာရေးအတွက် အရဲစွန့်ပြီး ပင်လယ်ပြင်ကို ထွက်နေကြရတယ်။ အဲဒီတော့ ပင်လယ်ပြင်စိုးမိုးရေး အဖွဲ့တွေရဲ့ ဖမ်းဆီးတာကို ခံနေရတယ်။ ၁၃ ရက်နေ့ လွှတ်တော်ပုံမှန်အစည်းအဝေးမှာ လောင်းလုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်က ကမ်းနီးရေလုပ်သားတွေကို ခေတ်စနစ်နဲ့လျော်ညီတဲ့ လုပ်ငန်း လိုင်စင်ထုတ်ပေးဖို့ မေးခွန်းမေးလာတယ်။ ၀န်ကြီးက ခရိုင် ၃ ခရိုင်မှာ ရှိတဲ့ ရေလုပ်သားတွေကို ဒေသရဲ့ ကိုက်ညီတဲ့စနစ်ကို တိုင်းအစိုးရက အတည်ပြုချက်ယူပြီး ပြည်ထောင်စုအစိုးရကို တင်ပြပေးမယ်လို့ ဖြေကြားခဲ့တယ်" လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင်က ပြောပါတယ်။ မြိတ်ခရိုင်အတွင်း သတ်မှတ်ချက်နဲ့ကိုက်ညီတဲ့ ကမ်းနီးလှေတွေကို လိုင်စင်ထုတ်ပေးထား မှုမှာ ၂၀၁၉ ခုနှစ် ဇွန်လအထိ မြိတ်မြို့မှာ ၈၃၁ စီး၊ ကျွန်းစုမြို့နယ်မှာ ၂၄၄၅ စီး၊ ပုလောမြို့နယ်မှာ ၅၄၃ စီးရှိတယ်လို့ မြိတ်ခရိုင်ငါးဦးစီးမှူး ဦးလွှမ်းမိုးဇော်က ပြောပါတယ်။ တွေ့ဆုံပွဲမှာ ရေလုပ်သားတွေ၊ လုပ်ငန်းရှင်တွေက လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲ တွေကို တင်ပြဆွေးနွေးခဲ့ပြီး လိုင်စင်တွေကို လာမယ့် ငါးဖမ်းရာသီအမီ ထုတ်ပေးနိုင်ဖို့ တင်ပြတောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။ တိုင်းဒေသကြီးအစိုးရက ခွင့်ပြုပေးထားတဲ့ လိုင်စင်မှာ လှေအရွယ်အစား အလျား ၃၀ ပေနဲ့ မြင်းကောင်ရေ ၂၅ ကောင်ဖြစ်ပြီး ထပ်တိုးတောင်းပါက ပြည်ထောင်စုအစိုးရက ဆက်လက် ဆောင်ရွက်ပေးဖို့အတွက် အခုလို တောင်းဆိုကြတာလို့ သိရပါတယ်။ မြတ်ထွဋ် (မြိတ်)
2 years Ago

June 26, 2019

ဘင်္ဂလားဒေ့ရှ်တွင် ငါးသားပေါက်ရာသီအတွင်း ငါးဖမ်းခွင့် ပိတ်ပင်

ငါးကောင်ရေ တိုးပွားရေးနဲ့ အလွန်အကျွံငါးဖမ်းမှု ဖြေရှင်းရေးအတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲမှာ မေလ ၂၀ ကနေ ဇူလိုင် ၂၃ ထိ ငါးဖမ်းခွင့် တားမြစ်ပိတ်ပင်ထားပါတယ်။ ဒါကြောင့် နိုင်ငံတလွှား ငါးဖမ်းသမားတွေကနေ ငါးဖမ်းသင်္ဘောပိုင်ရှင်တွေ၊ ကုန်သည်တွေ၊ ငါးစက်ရုံတွေနဲ့ ဝန်ထမ်းတွေပါ အကျိုးသက်ရောက်မှု ခံစားနေရပါတယ်။ ဘင်္ဂလားပင်လယ်အော်အတွင်းက ငါးမျိုးစိတ် အများအပြားအတွက် သားပေါက်ရာသီဖြစ်တဲ့ ၆၅ ရက်တာ ကာလကို ငါးမဖမ်းရ ကာလအဖြစ် ဘင်္ဂလားဒေ့ရှ် အစိုးရဟာ ပထမဆုံး ပိတ်ပင်တားမြစ်ခဲ့တာပါ။ တားမြစ်ပိတ်ပင်ချက် တလပြည့်အပြီးမှာ ငါးဖမ်းလှေတွေဟာ ကောက်ဘဇားမြို့နားက ဘက်ခါလီမြစ်မှာ ငြိမ်သက်နေပါတယ်။ ဆိပ်ကမ်းတွေလည်း သင်္ဘောကင်းမဲ့နေပြီး အလုပ်သမားတွေက ပိုက်တွေ၊ လှေတွေကို ပြင်ဆင်နေပါတယ်။ ငါးဖမ်းသမားတွေနဲ့ ကာယလုပ်သားတွေ အများအပြားဟာ ခုလိုအချိန်မှာ အချိန်ဖြုန်းဖို့ကလွဲပြီး တခြား အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကျွမ်းကျင်မှုတွေ မရှိကြဘူးလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ ကောက်ဘဇား ကမ်းရိုးတန်းမြို့မှာ ငါးဖမ်းသင်္ဘော အစီးလေးထောင်နဲ့ ငါးဖမ်းသမား အယောက် ၈ သောင်း ရှိတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။ လောလောဆယ်မှာတော့ ကုန်သည်တွေဟာ တားမြစ်ပိတ်ပင်ချက် မထုတ်ခင်က ဖမ်းပြီး အေးခဲထားတဲ့ ငါးတွေကို ဒေသတွင်း ဈေးတွေမှာ ရောင်းနေကြပါတယ်။ ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းမှာ လူအယောက် သန်း ၂၀ လောက်နေပြီး ငါးလုပ်ငန်းအပေါ် တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက် မှီခိုနေကြရတာပါ။ ငါးမဖမ်းရ ပိတ်ပင်ချက်ကြောင့် အလုပ်လက်မဲ့ဖြစ်နေတဲ့ ငါးဖမ်းသမားတွေကို ကူညီဖို့ ငါးလုပ်ငန်းဌာနက မိသားစု လေးသိန်းအတွက် တစုကို တလ ဆန်ကီလိုလေးဆယ် ပံ့ပိုးပေးဖို့ စီစဉ်ထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ကမ္ဘာ့ငါးဈေးကွက်က အဓိကတင်ပို့သူ တနိုင်ငံပါ။ ၂၀၁၆ က ငါးတန်ချိန် လေးသန်း တင်ပို့ခဲ့တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ စာရင်းအင်းတွေက ဆိုပါတယ်။
2 years Ago
More News
Up