ငရုတ်ကောင်း

September 26, 2021

ငရုတ်ကောင်းမြို့တွင် ရွာသား ၁၆ ဦး ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့ သဲဖြူကျေးရွာက စက်တင်ဘာ ၂၅ ရက်ညပိုင်းက အသက် ၁၄ နှစ်အောက်လူငယ် ၁ ဦးအပါဝင် ရွာသား ၁၆ ဦးကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီး သွားပါတယ်။

သဲဖြူကျေးရွာက ရွာသား ၁၆ ဦးကို PDF တွေလို့ စွပ်စွဲကာ စစ်သား ၉၀ ကျော်က ညပိုင်း ရွာကို ပိတ်ဆို့စီးနင်းပြီး လက်နက်အင်အားအပြည့်နဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

"စစ်သားတွေအများကြီးရောက်လာတာ ညဘက်ကြီး ရွာထဲကနေ ဝင်၊ ထွက်နိုင်တဲ့ လမ်းတွေကို ပိတ်ပြီး လိုက်ရှာနေတာ ခုဆို အဖမ်းခံရတာ ၁၆ ဦးရှိပြီ။ အချုပ်ခန်း ပုံစံဆောက်ပြီး ရွာထဲက လူငယ်တွေကိုလိုက်ဖမ်းနေတာ''လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ရွာမှာအရင်တုန်းက ခုလိုအဖမ်းခံရတာမျိုး မရှိပေမဲ့ ခုတော့ စစ်တပ်သတင်းပေးကြောင့် ခုလို ရွာကို ဝင်ရောက်ရှာဖွေခံရတာဖြစ်ပြီး  စစ်သားတွေက တောနင်းရှာဖို့ ပြောနေသံတွေလည်း ကြားရတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၇ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရက အရေးပေါ်အခြေအနေကြေညာပြီး နောက်ပိုင်း ဧရာဝတီတိုင်းက မြို့နယ်တိုင်းလိုလို ဧည့်စာရင်း စစ်တာတွေနဲ့ ပိတ်ဆို့ရှာဖွေတာတွေ ပိုမို ပြုလုပ်လာတာဖြစ်ပါတယ်။

2 months Ago
Up