ငပုတော

December 7, 2020

ငပုတောတွင် မီးလောင်ပေါက်ကွဲမှုကြောင့် နေအိမ် ၁၈ လုံးဆုံးရှုံး၊ လူဦးရေ ၇၀ ကျော်မီးဘေးသင့်

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဆင်ကူးကြီးကျေးရွာမှာ ဒီဇင်ဘာလ ၆ ရက်နေ့ ညနေပိုင်းက မီးလောင်ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး နေအိမ် ၁၈ လုံး ဆုံးရှုံးပြီး လူဦးရေ ၇၀ ကျော် မီးဘေးသင့်ခဲ့တယ်လို့ မြို့နယ်မီးသတ်ဦးစီးဌာနက သိရပါတယ်။ ဆင်ကူးကြီးကျေးရွာနေ ဦးလှိုင်ဝင်းအောင်ရဲ့ နေအိမ်ရှိ အင်ဗာတာမှတဆင့်စတင့်ကာ မီးလောင်ခဲ့တာဖြစ်ပြီး အနီးရှိ ဓာတ်ဆီပုံးကား မီးကူးစက်လောင်းကျွမ်းကာ ပေါက်ကွဲခဲ့တာလို့ ငပုတောမြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းအောင်က DVB ကိုပြောပါတယ်။ "ဖြစ်တာကတော့ ဝါယာရှော့ဖြစ်ပြီး စလောင်တာ၊ အနီးက ဓာတ်ဆီပုံးကားကို ကူးပြီးပေါက်ကွဲမှု ဖြစ်တာပါ၊ ကျေးရွာက နေအိမ် ၁၈ လုံးမီးလောင် ဆုံးရှုံးပါတယ်၊ သေဆုံး ထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး" လို့ ပြောပါတယ်။ မီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့တဲ့ အိမ်ထောင်စု ၁၈ စုက လူဦးရေ ၇၈ ဦးဟာ ကျေးရွာအထက်တန်းကျောင်းနဲ့ နီးစပ်ရာဆွေမျိုးတွေ နေအိမ်မှာ နေထိုင်နေရတယ်လို့ ဆိုပါတယ်။ မီးလောင်တဲ့ နေအိမ်တွေကို သတ်မှတ်ထားတဲ့ နှုန်းထားတဲ့အတိုင်း ၁ အိမ်ကို ၂ သိန်းနှုန်း၊ လူဦးကို ၁ ပတ်စာ ဆန်ရိက္ခာအတွက် ၂၁၀၀ နှုန်းနဲ့ စုစုပေါင်း ငွေကျပ် ၃၇ သိန်းကျော်အပြင် ကယ်ဆယ်ရေးပစ္စည်ပုံး ၁ ပုံးစီ ထောက်ပံ့ပေးထားတယ်လို့ တိုင်းဒေသကြီးသဘာဝဘေးစီမံခန့်ခွဲမှု ဦးစီးဌာန တိုင်းဦးစီးမှူး ဦးစဝီဖရန့်က DVB ကိုပြောပါတယ်။ မီးလောင်ကျွမ်းမှုနဲ့ပတ်သက်ပြီး နေအိမ်ပိုင်ရှင်ကို ရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ မြို့နယ် မီးသတ်ဦးစီးဌာနက သိရပါတယ်။  သတင်း - မင်းထက်မုန်း (ပုသိမ်) ဓာတ်ပုံ - လှမင်းထွဋ်
5 months Ago

November 21, 2020

ငပုတောတွင် ငွေချေးလုပ်ငန်း ဝန်ထမ်း ၁ ဦး ငွေသိန်း ၁၀၀ ကျော် လုယက်ခံရ

ဧရာဝတီတိုင်း၊ ငပုတော့မြို့နယ်၊ ကုလားမတောင် ကျေးရွာမှာ Pact Myanmar အသေးစားငွေချေးလုပ်ငန်းက ဝန်ထမ်း ၁ ဦး ဓားထောက်လုယက်ခံခဲ့ရတယ်လို့ သိရပါတယ်။ Pact Myanmar ချေးငွေဝန်ထမ်း ဦးဇော်ထိုက်လွင်မှာ နိုဝင်ဘာလ ၁၈ ရက်နေ့က ငွေချေးငွေထုတ်လုပ်ငန်းတွေအတွက် ကုလားမတောင်ကျေးရွာကိုသွားရောက်ပြီး ပိုက်ဆံသိမ်းနေစဉ် ရွာခံ ၁ ဦးက ဓားထောက်လုယက်ခဲ့တာလို့ ရဲတပ်ဖွဲ့က သိရပါတယ်။ တိုင်းရဲတပ်ဖွဲ့ အရာရှိတဦးက "ကျူးလွန်တဲ့ တရားခံကို ဖမ်းမိထားပါပြီ။ သက်သေခံပစ္စည်းတွေပါ ရပါပြီ။ လောလောဆယ်တော့ တရားခံကို စခန်းမှာ အမှု ဖွင့်ဖမ်းဆီးထားပါတယ်" လို့ ပြောပါတယ်။ ဓားထောက်ပြီး ငွေလုယက်ခဲ့သူကို ပုသိမ်ခရိုင် ဒုစရိုက်နိမ်နင်းရေးရဲတပ်ဖွဲ့က ရဲတပ်ဖွဲ့ဝင်တွေနဲ့ နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး ၂၄ နာရီအတွင်း ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။ ကုလားမတောင် ကျေးရွာဒေသခံတွေကတော့ Pact Myanmar ဝန်ထမ်းက ရွာရောက်လာပြီး ချေးငွေတောင်းယူတာတွေ ပြုလုပ်နေစဉ် အတောင်းခံရသူရဲ့ အမျိုးသားရောက်လာပြီး ဓားနဲ့ထိုးတာတွေပြုလုပ်ကာ ပိုက်ဆံထည့်ထားတဲ့ ကျောပိုးအိတ်နဲ့ ဖုန်းတွေ လုယူထွက်ပြေးခဲ့တာလို့ ပြောပါတယ်။ ဓားနဲ့ထိုးကာ ဖုန်းနဲ့ပိုက်ဆံ သိန်း ၁၀၀ ကျော် လုယူထွက်ပြေးခဲ့တဲ့ အသက် ၃၉ နှစ် အရွယ် ရဲမင်းဇော်ကို ရဲတပ်ဖွဲ့က နိုဝင်ဘာလ ၁၉ ရက်နေ့ကဖ မ်းမိခဲ့တာဖြစ်ပြီး ငပုတောမြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၈၆ နဲ့ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့ကသိရပါတယ်။ မင်းထက်မုန်း (ပုသိမ်)
6 months Ago
More News
Up