ဂျော်ဒန်ဆင်းနော့

January 27, 2020

Non-League ဘောလုံးသမား သေဆုံးမှု ဒုတိယမြောက်သံသယရှိသူကို ဖမ်းဆီး

Non-League ဘောလုံးသမား ဂျော်ဒန်ဆင်းနော့ သေဆုံးမှုအတွက် ဒုတိယမြောက်သံသယ ရှိသူကို ဖမ်းဆီးခဲ့တယ်လို့ နော့တင်ဟမ်ရဲတပ်ဖွဲ့က အတည်ပြု ထုတ်ပြန်ပါတယ်။  မတ်လော့တောင်းအသင်းမှာ ကစားနေတဲ့ နောက်ခံလူ ဆင်းနော့ဟာ ဇန်နဝါရီ ၂၅ ရက် စနေနေ့မနက်မှာ ဖြစ်ပွားတဲ့ ရန်ပွဲတခုအတွင်း ဦးခေါင်းခွံကွဲတဲ့ ဒဏ်ရာနဲ့  သေဆုံးခဲ့တာပါ။ ဒီသေဆုံးမှုအတွက် အသက် ၂၁ နှစ်အရွယ် အမျိုးသားတယောက်ကို ထပ်မံဖမ်းဆီးလိုက်တယ်လို့ နော့တင်ဟမ်ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့မှာ ထုတ်ပြန်ပါတယ်။  ဒီဖြစ်ရပ် ဖြစ်ပွားပြီးပြီးချင်းမှာလည်း ရဲတပ်ဖွဲ့က အသက် ၂၇ နှစ်အရွယ် အမျိုးသားတယောက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဖြစ်ပါတယ်။  ဆင်းနော့ဟာ ရက်ဖို့မြို့လယ်ကောင်က အရက်ဆိုင်တခုရဲ့ ကားပါကင်မှာ ခိုက်ရန်ဖြစ်ခဲ့တာပါ။  ဒီဖြစ်ရပ်မှာ အနည်းဆုံး လူ ၈ ယောက်အထိ ပါဝင်ပတ်သက်နေနိုင်ပြီးတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး သိရှိထားသူတွေကိုလည်း ရဲတပ်ဖွဲ့ဆီကို အကြောင်းကြားပေးဖို့ နော့တင်ဟမ်ရဲတပ်ဖွဲ့က ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားပါတယ်။  ဒီဖြစ်ရပ်ဟာ ဇန်နဝါရီ ၂၄ ရက် သောကြာ‌နေ့ ည ၁၁ နာရီ ၂၅ မိနစ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အခင်းဖြစ်ရာကို ရဲတပ်ဖွဲ့တွေ ရောက်ရှိလာချိန် ဇန်နဝါရီ ၂၅ ရက် မနက်  ၂ နာရီအချိန်မှာတော့ ဆင်းနော့ကို သတိလစ်လျက် တွေ့ရှိခဲ့ရပါတယ်။  ဆင်းနော့နဲ့အတူ ဒီရန်ပွဲကြောင့် နောက်ထပ် အမျိုးသားနှစ်ယောက်လည်း ဒဏ်ရာရရှိခဲ့ပြီး တယောက်က မေးရိုးကျိုးကာ တယောက်က နှာခေါင်းကျိုးသွားခဲ့တယ်လို့ ယူဆရပါတယ်။  အသက် ၂၆ နှစ်အရွယ် အင်္ဂလန်ကစားသမား ဆင်းနော့ဟာ ဟက်ဒါဖီးလ်အသင်း ခေါင်းဆောင်ဟောင်း လီဆင်းနော့ရဲ့သား ဖြစ်ပြီး သူဟာ အဲဖရီတန်တောင်းအသင်းကနေ မတ်လွတ်အသင်းကို အငှားလာရောက်ကစားနေသူ ဖြစ်ပါတယ်။  သူ့ရဲ့သေဆုံးမှုကြောင့် ဒီအသင်းနှစ်သင်းလုံးက သူတို့ရဲ့ ပွဲစဉ်တွေကို ဖျက်သိမ်းခဲ့ပြီး ကစားသမားအတွက် ဝမ်းနည်းကြောင်းပြသခဲ့ကြပါတယ်။  ဆင်းနော့ရဲ့သေဆုံးမှုအတွက် အသင်းနှစ်သင်းလုံးက ဝမ်းနည်းကြောင်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။  ဆင်းနော့ဟာ ဟက်ဒါဖီးလ်၊ အယ်ထရန်ချန်၊ ချက်စတာဖီးလ်၊ အက်ဖ်စီဟာလီဖက်တောင်း စတဲ့ အသင်းတွေမှာ ကစားခဲ့ဖူးသူဖြစ်ပြီး ဘူရီအသင်းကိုလည်း အငှားနဲ့ သွားရောက်ကစားခဲ့ ဖူးပါတယ်။  သူ့ဖခင်ဖြစ်တဲ့ လီဆင်းနော့ဟာ ဝက်ဖို့ဒ်၊ ခရစ္စတယ်ပဲလေ့စ်နဲ့ ဟက်ဒါဖီးလ်အသင်းတို့မှာ ကစားခဲ့ဖူးသူဖြစ်ပြီး ၁၉၈၄ ခုနှစ် အဲဗာတန်နဲ့ ရင်ဆိုင်ခဲ့ရတဲ့  အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ဝက်ဖို့ဒ်အသင်းအတွက် ပွဲထွက်ခဲ့သူ ဖြစ်ပါတယ်။
1 year Ago
Up