ဂျေစီလင်ဂတ်

March 12, 2020

လင်ဂတ်ကို မန်ယူနိုက်တက် ရောင်းဖွယ်ရှိ

နည်းပြ ဆိုးလ်ရှားရဲ့ ယုံကြည်မှုကို ဆုံးရှုံးခဲ့တဲ့ ဂျေစီလင်ဂတ်ကို မန်ယူနိုက်တက် အသင်းဘက်က နွေရာသီမှာ ရောင်းထုတ်သွားနိုင်တယ်လို့ Goal သတင်းမှာ ဖော်ပြပါတယ်။ လင်ဂတ်ဟာ အသင်းကို ဘရူနိဖာနန်ဒက်ရစ် ရောက်ရှိလာပြီးတဲ့နောက်မှာ အရန်ကစားသမားအဖြစ်ကို ရောက်ရှိသွားတာပါ။ တိုက်စစ်မှူး အီဂါလိုကို အငှားနဲ့ ခေါ်ယူထား နိုင်တာကလည်း နော်ဝေနည်းပြကြီးအတွက် တိုက်စစ်ကစားသမား ရွေးချယ်မှုကို ပိုမိုများပြား စေတာကြောင့် လင်ဂတ်ဟာ အသင်းအတွက် အရေးပါမှု အားနည်းတဲ့ပွဲတွေမှာသာ ပွဲထွက်ခွင့်ရ တော့မယ်လို့ ယေဘုယျ ယူဆနိုင်ပါတယ်။ အင်္ဂလန်ကွင်းလယ်လူ လင်ဂတ်ဟာ နာမည်ကျော် အေးဂျင့် ရွိုင်အိုလာကို အေးဂျင့်အသစ်အဖြစ် ရွေးချယ်ထားတာကြောင့် သူ ထွက်ခွာတော့မယ်ဆိုတဲ့ အနေအထားဟာ ပိုပြီးခိုင်မာလာတာပါ။ အသက် ၂၇ နှစ်အရွယ် ကွင်းလယ်လူဟာ မန်ယူနိုက်တက်နဲ့ ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပေမယ့် စာချုပ်သက်တမ်းတိုးဖို့ ‌မရှိပါဘူး။ ဒါ့အပြင် သူ့အေးဂျင့်အသစ် ဖြစ်တဲ့ ရွိုင်အိုလာကလည်း အားထားရတဲ့ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာကို မန်ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ ကြိုးပမ်းနေတာကြောင့် မန်ယူနိုက်တက်အသင်းနဲ့ ပြဿနာရှိနေသူ ဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ရာသီမှာ ဂျေဒန်ဆန်ချို၊ ဂျက်ဂရီးလစ်ရှ်၊ ဂျိမ်းစ်မက်ဒီဆင် စတဲ့ ကစားသမား သုံးဦးအနက်က တဦးကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပြီး အသင်းကို ကွင်းလယ်လူ၊ ဒါမှမဟုတ် တိုက်စစ်မှူးတယောက‌် ထပ်ရောက်လာမယ်ဆိုရင် လင်ဂတ်ဟာ အခုထက် ပိုပြီးနည်းပါးတဲ့ ပွဲထွက်ခွင့်ပြဿနာနဲ့ ရင်ဆိုင်ရတော့မှာပဲ ဖြစ်ပါတယ်။  ဒါ့အပြင် သူ့ကို ရောင်းချပြီး ရရှိတဲ့ ငွေကြေးနဲ့ အသင်းကို ပြန်လည်တည်ဆောက်ရေးမှာ အသုံးပြုသွားဖို့လည်း မန်ယူနိုက်တက်အသင်းဘက်က လုပ်ဆောင်လာနိုင်ပါတယ်။  လင်ဂတ်ဟာ တချိန်တုန်းက ဥရောပဘောလုံးလောကရဲ့ အကောင်းဆုံးနံပါတ် ၁၀ ကစားသမားတဦးလို့ သတ်မှတ်ခံထားရပေမယ့် သူ့ကစားပုံဟာ ဆိုးလ်ရှားရဲ့ နည်းစနစ်နဲ့ အံမဝင်ခဲ့ပါဘူး။ လင်ဂတ်ဟာ ကွင်းအတွင်းမှာ နည်းပြ သဘောကျအောင် မစွမ်းဆောင်နိုင်သေးဘဲ လေ့ကျင့်ရေးကွင်းထဲက အခြေအနေတွေအပေါ်လည်း မေးခွန်းထုတ်မှုတွေနဲ့ ရင်ဆိုင်နေရသူ ဖြစ်ပါတယ်။ ဒီအခြေအနေတွေကြောင့် နည်းပြ ဆိုးလ်ရှားကိုယ်တိုင်က ကစားသမားအနေနဲ့ သူ့စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ လိုအပ်နေသေးတယ်လို့ တောင်းဆိုထားဖူးပါတယ်။ ဒီအခြေအနေတွေကြောင့် လင်ဂတ်အနေနဲ့ ဒီရာသီ လက်ကျန်ပွဲစဉ်တွေမှာ ခြေစွမ်းမပြနိုင်ဘူးဆိုရင် အသင်းကနေ သေချာပေါက် ထွက်ခွာရနိုင်ခြေ ရှိနေပါတယ်။  သူ့ရဲ့အေးဂျင့်ဖြစ်သူ ရွိုင်အိုလာဟာ ဥရောပဘောလုံးဇာတ်ခုံမှာ ခြေတံ လက်တံ ကြွယ်ဝသူဖြစ်ပေမယ့် လက်ရှိအချိန်အထိတော့ အင်္ဂလန်ကစားသမားကို ခိုင်ခိုင်မာမာ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းမျိုး မထွက်ပေါ်လာသေးပါဘူး။
1 year Ago
Up