ဂျပန်အစိုးရ

April 28, 2021

အမျိုးသားညီညွတ်ရေးအစိုးရကိုအသိအမှတ်ပြုရန် ဂျပန်အစိုးရထံ မြန်မာလူငယ်များ သွားရောက်တောင်းဆို

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကို အသိအမှတ်ပြုဆက်ဆံပေးဖို့ ဂျပန်နိုင်ငံရောက် မြန်မာလူငယ်တွေက ဒီကနေ့ ဧပြီ ၂၈ ရက်နေ့မှာ ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရုံးကို သွားရောက်တောင်းဆိုခဲ့ကြပါတယ်။

ဂျပန်နိုင်ငံရောက် မြန်မာလူငယ်အဖွဲ့ကိုယ်စား မသီရိသစ္စာ၊ ကိုသန့်ဇော်ထက်နဲ့ မမေသူတို့က ဒီနေ့သွားတွေ့ဆုံခဲ့ရာမှာ ဂျပန်နိုင်ငံခြားရေးဌာန အရှေ့တောင်အာရှရေးရာ တာဝန်ခံ ညွှန်ကြားရေးမှူး မစ္စတာ ယမဒယိုရှီယူခီက လက်ခံတွေ့ဆုံပြီး ဆွေးနွေးခွင့်ရခဲ့တယ်လို့ မသီရိ သစ္စာကပြောပါတယ်။ 

“ဂျပန်အစိုးရအနေနဲ့ အမျိုးသားညီညွတ်ရေး NUG မြန်မာအစိုးရကို အသိအမှတ်ပြု ဆက်ဆံဖို့၊  ဂျပန်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအရ ချက်ချင်း ဆက်ဆံဖို့ မလွယ်ကူသေးပေမယ့် အာဏာသိမ်းစစ်ကောင်စီကိုလည်း အသိအမှတ်မပြုသေးကြောင်း ပြန်လည်ရှင်းလင်းဖြေဆိုခဲ့ တယ်” လို့  မသီရိသစ္စာကပြောပါတယ်။

NUGအစိုးရကို ဂျပန်အစိုးရအနေနဲ့ အမြန်ဆုံးအသိအမှတ်ပြုဆက်ဆံဖို့၊ စစ်ကောင်စီကို အကျိုးပြုမယ့် အကူအညီတွေအားလုံးရပ်ဖို့နဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ဂျပန်အစိုးရအနေနဲ့ လျစ်လျူမရှူဘဲ ကူညီထောက်ပံ့ပေးစေဖို့ တောင်းခံစာကိုလည်း နိုင်ငံခြားရေးဝန်ကြီးထံသို့ မစ္စတာယမဒယိုရှီယူခီမှတဆင့် မြန်မာလူငယ်တွေက ပေးအပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်နေ့ကလည်း ဂျပန်ရောက်မြန်မာလူငယ်တွေဦးဆောင်ကာ အစိုးရသစ်NUGအား ထောက်ခံကြိုဆိုပွဲနဲ့ ဂျပန်အစိုးရအနေနဲ့အသိအမှတ်ပြုဖို့ တိုကျိုရှိ  ဂျပန်အစိုးရရုံးကို  ချီတက်ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

1 week Ago

April 20, 2021

ဂျပန်သတင်းထောက်ကို ပြန်လွှတ်ပေးရန် ဂျပန်အစိုးရတောင်းဆို

ရန်ကုန်မှာ တနင်္ဂနွေညက ဖမ်းဆီးခံရတဲ့ ဂျပန်သတင်းထောက် မစ္စတာ Kitazumi Yuki ကို ချက်ခြင်းလွတ်ပေးဖို့ ဂျပန်အစိုးရက အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီကို ဒီနေ့  တောင်းဆိုလိုက်ပါတယ်။

ဂျပန်အစိုးရအဖွဲ့အတွင်းဝန်ချုပ် မစ္စတာ ခတို ခစုနိုဘုက မစ္စတာ Kitazumi Yuki  အင်းစိန်ထောင်မှာရှိနေပြီး ထိခိုက်ဒဏ်ရာ မရှိကြောင်းကို အတည်ပြုပြောဆိုခဲ့ပြီး သူ့အပေါ် စွပ်စွဲမှုတွေ ဥပဒေအရအတည်မပြုနိုင်ခင် အင်းစိန်ထောင်အတွင်း ခေါ်ဆောင်မှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ပြီး အမြန်ဆုံးပြန်လွှတ်ပေးဖို့ စစ်ကောင်စီကို တောင်းဆိုထားပါတယ်။

ရန်ကုန်ရှိ မြန်မာသံရုံးမှတဆင့် သံတမန်နည်းနဲ့ သူနဲ့ အမြန်ဆုံးတွေ့ခွင့်ရဖို့လည်း တောင်းဆို ထားကြောင်းလည်း ဒီနေ့ ဧပြီလ ၂၀ ရက်နေ့ တိုကျိုမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မစ္စတာ Kitazumi Yuki ကို ဧပြီ ၁၇ ရက်က စစ်ကောင်စီအကြမ်းဖက်တပ်တွေ ပုဇွန်တောင် ရေကျော်ရှိ  သူရဲ့ နေအိမ်မှာ ည ၇ နာရီ၄၅မိနစ် လောက်က ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးစဉ်မှာ အကြမ်းဖက်တပ်တွေက သေနတ်နဲ့တေ့ လက်မြှောက်ခိုင်းပြီး ကားထဲခေါ်သွားတာဖြစ်တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

မစ္စတာ Kitazumi Yuki  စစ်အာဏာသိမ်းကာစ ဖေဖေါ်ဝါရီလ နှောင်းပိုင်းမှာ စမ်းချောင်းမှာ ဆန္ဒပြပွဲကို သတင်းယူရင်းနဲ့  ဖမ်းဆီးခံခဲ့ရပြီး နေ့ချင်းပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

သူဟာ မြန်မာပြည်သူတွေရဲ့ အသံတွေကိုကြားမြင်နေရပြီး မြန်မာပြည်သူတွေနဲ့ တစ်သားတည်း ရှိနေတာကြောင့် မြန်မာနိုင်ငံသားတွေနဲ့ နှလုံးသားနီးစပ်သူဖြစ်တယ်လို့ လည်းသူနဲ့ ရင်းနှီးသူ တိုကျိုအခြေစိုက်သတင်းစာတိုက်မှ သတင်းထောက်တဦးက ဒီဗွီဘီကိုပြောပြပါတယ်။

မစ္စတာ Yuki Kitazumi ဟာ အရင်က Nikkei business daily သတင်းထောက်ဟောင်း ဖြစ်ပြီး အခုချိန်မှာတော့ ရန်ကုန်မှာ မီဒီယာ ထုတ်လုပ်ရေးကို တည်ထောင်ထားကာ မြန်မာနိုင်ငံမှာနေထိုင်နေတာ ၆ နှစ်ခန့်ရှိပြီဖြစ်ပါတယ်။

ဂျပန်သတင်းထောက်များကလပ်ကလည်း  ဒီနေ့ တိုကျိုမှာသတင်းစာရှင်းပွဲတခု ပြုလုပ်ခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီအနေနဲ့ မစ္စတာYuki Kitazumi ကိုအမြန်ဆုံးပြန်လွှတ်ဖို့နဲ့ မြန်မာနိုင်ငံတွင်း စစ်ကောင်စီရဲ့ ပြည်သူအပေါ် မတရားသတ်ဖြတ်နှိပ်စက်နေတာတွေကို သတင်းအမှောင်ချဖို့ မကြိုးစားသင့်ဖို့  တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ ဂျပန်လူမျိုး ၇၀၀ လောက် ရောက်ရှိနေထိုင်နေတယ်လို့ ကြားသိရပါတယ်။

3 weeks Ago
More News
Up