ဂျပန်

July 23, 2021

အိုလံပစ် အမျိုးသားဘောလုံးပြိုင်ပွဲများစတင် ဘရာဇီး၊ မက္ကစီကိုနှင့် ဂျပန်အသင်းတို့ နိုင်ပွဲရ

တိုကျိုအိုလံပစ် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု ပွဲစဉ်တွေကို ဇူလိုင် ၂၂ ရက် မနေ့က စတင် ယှဉ်ပြိုင်ကစားကြရာမှာ အုပ်စု (D) မှာ ဘရာဇီးက ဂျာမနီကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။

ဘရာဇီးအတွက် အနိုင်ဂိုးတွေကို အဲဗာတန် တိုက်စစ်မှူး ရစ်ချာလီဆန်က  ဟတ်ထရစ် ၃ ဂိုးသွင်းပေးခဲ့ပြီး စတုတ္ထမြောက် အနိုင်ဂိုးကိုတော့ ပေါ်လင်ညိုက  နာကျင်အချိန်ပိုမှာ သွင်းယူပေးခဲ့တာပါ။

အုပ်စု (D) တခြားပွဲစဉ် တစ်ခုမှာတော့ အိုင်ဗရီကို့စ်က ဆော်ဒီအာရေဗျကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။

အုပ်စု (A) မှာ မက္ကစီကိုက ပြင်သစ်ကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး အိမ်ရှင် ဂျပန်အသင်းကလည်း တောင်အာဖရိက အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။

အုပ်စု (B) မှာ နယူးဇီလန်က တောင်ကိုရီးယားကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး  ရိုမေးနီးယား အသင်းကလည်း  ဟွန်ဒူးရပ်စ်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။

အုပ်စု (C) မှာတော့ ဩတြေးလျက အာဂျင်တီးနားကို ၂  ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး  အီဂျစ်အသင်းနဲ့ စပိန် အသင်းတွေ  ဂိုးမရှိသရေကျသွားပါတယ်။

တိုကျို အိုလံပစ်ပြိုင်ပွဲ တရားဝင်ဖွင့်ပွဲကို ဒီကနေ့ ဇူလိုင် ၂၃ ရက်နေ့မှာ ကျင်းပဖို့ရှိပြီး ဖွင့်ပွဲမတိုင်ခင် ဘောလုံးပွဲတွေကို ကြိုတင်ကျင်းပနေတာဖြစ်ပါတယ်။ 

2 days Ago

July 22, 2021

မြန်မာနှင့် အီရန်အပါအ၀င်နိုင်ငံခြားခရီးသွားဧည့်သည်ဝင်ရောက်မှုကို ဂျပန်က ပိုမိုတင်းကျပ်မည်

အလွန်အမင်းကူးစက်မြန်တဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇပြောင်း မူကွဲတွေ ပျံ့နှံ့ဝင်ရောက်လာမှာကို ကာကွယ်တားဆီးတဲ့အနေနဲ့ ဂျပန်အစိုးရဟာ မြန်မာနဲ့ အီရန် အပါအ၀င် နိုင်ငံတချို့မှ ခရီးသွားဧည့်သည်တွေ ဝင်ရောက်မှုကို ပိုမိုတင်းကျပ်သွားမယ်လို့  ဂျပန်အစိုးရက ပြောကြားလိုက်ပါတယ်။

 ဇူလိုင် ၂၄ ရက်နေ့ စတင်သက်ရောက်မယ့် နယ်စပ်ထိန်းချုပ်မှုဆောင်ရွက်ချက် ပြောင်းလဲမှုအစီအစဉ်အရ မြန်မာနိုင်ငံမှရောက်ရှိလာသူတွေကို စတင်ရောက်ရှိတဲ့ ၆ ရက်ကို သတ်မှတ်ထားတဲ့ အဆောက်အဦတွေမှာ နေထိုင်ဖို့နဲ့ ၃ ရက်မြောက်နေ့နဲ့ ၆ ရက်မြောက်နေ့တို့မှာ နောက်ထပ် ဗိုင်းရပ်စ်စစ်ဆေးမှုတွေ လုပ်ရတော့မှာပါ။ 

အီရန်၊ အိုမန်၊ အမေရိကန်ပြည်ထောင်စုရဲ့ အိုကလာဟိုးမားပြည်နယ်နဲ့ မစ်ဆိုရီပြည်နယ်၊ ရုရှနိုင်ငံရဲ့ အိုင်ဗင်နိုဗိုနဲ့ ဗလာဒီမာ ဒေသတို့က ခရီးသည်တွေကို သတ်မှတ်ထားတဲ့ အဆောက်အဦ တွေမှာ သုံးရက်ကြာ ကွာရန်တင်းထားရှိ စောင့်ကြည့်မှာဖြစ်ပြီး သုံးရက်မြောက်နေ့မှာ ဗိုင်းရပ်စစ်ဆေးမှုလုပ်ဆောင်မှာဖြစ်ပါတယ်။ 

ပါကစ္စတန်မှ ဧည့်သည်တွေကိုတော့ ၁၀ ရက်ကနေ လျှော့ချပြီး ၆ ရက်တာ  ကွာရန်တင်းထိန်းသိမ်းထားရှိမှာဖြစ်ပြီး ၃ ရက်မြောက်နေ့နဲ့ ၆ ရက်မြောက်နေ့တို့မှာ စမ်းသပ်မှုတွေ ပြန်လည်လုပ်ဆောင်မှာပါ။ 

ယူဂန်ဒါနိုင်ငံမှခရီးသွားတွေကိုတော့ ကွာရန်တင်း ၆ ရက်ကနေ လျှော့ချပြီး ၃ ရက်တာ သီးခြားခွဲပြီး စောင့်ကြည့်သွားမှာပါ။ 

အီဂျစ်၊ ဆွီဒင်နဲ့ အမေရိကန်ပြည်ထောင်စုရဲ့ နယူးမက္ကစီကိုမှ လာသူတွေကတော့ ရောက်ရောက်ချင်း စမ်းသပ်မှုရလဒ် နက်ဂတစ် ပြနေရင် သတ်မှတ်အဆောက်အအုံတွေမှာ ဆက်နေဖို့မလိုအပ်ပါဘူး။ ဒါပေမယ့် ဂျပန်ကိုဝင်လာပြီးနောက်မှာ ၁၄ ရက်တာ တကိုယ်တည်း သီးခြားနေဖို့ တောင်းဆိုသွားမှာ ဖြစ်ပါတယ်။ 

3 days Ago
More News
Up