ဂီနီ

September 19, 2021

ဂီနီအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု စိုးရိမ်စရာမရှိဟု အာဏာသိမ်း စစ်ခေါင်းဆောင်ပြော

အခြေခံဥပဒေနဲ့ အုပ်ချုပ်ဖို့ အမြန်အသွင်ကူးပြောင်းရေး ဖိအားပေးတဲ့အနေနဲ့ ဒေသတွင်းအဖွဲ့က ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေ ချမှတ်မှာကို မစိုးရိမ်ဘူးလို့ ဂီနီနိုင်ငံရဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်က အနောက်အာဖရိက ခေါင်းဆောင်တွေရဲ့ ကိုယ်စားလှယ်တွေကို ပြောခဲ့တဲ့အကြောင်း စစ်အာဏာသိမ်းအဖွဲ့ရဲ့ ပြောခွင့်ရက စက်တင်ဘာ ၁၈ ရက်မှာ ပြောပါတယ်။

စက်တင်ဘာ ၅ ရက်က ဂီနီသမ္မတ အယ်လ်ဖှာ ကွန်ဒေကို အာဏာသိမ်းတဲ့အတွက် တုံ့ပြန်တဲ့အနေနဲ့ ဂီနီစစ်ကောင်စီနဲ့ သူတို့ရဲ့ ဆွေမျိုးတွေ ပိုင်ဆိုင်သမျှ ဘဏ္ဍာရေးကို ပိတ်ဆို့ဖို့နဲ့ ခရီးသွားမှု တားမြစ်ပိတ်ပင်ဖို့ အနောက်အာဖရိကနိုင်ငံများ စီးပွားရေး လူ့အဖွဲ့အစည်း ECOWAS က စက်တင်ဘာ ၁၆ ရက်မှာ သဘောတူခဲ့ပါတယ်။

စစ်သားတွေအနေနဲ့ သူတို့အလုပ်က ဂီနီမှာပဲရှိတယ် ဘဏ်စာရင်းတွေ ပိတ်သိမ်းဖို့ ဘာမှ မရှိဘူးလို့ အာဏာသိမ်းခေါင်းဆောင် မာမာဒီဒွမ်ဘောင်ယာက ပြောခဲ့တဲ့ အကြောင်း စစ်ကောင်စီ ပြောခွင့်ရက သတင်းစာ ရှင်းလင်းပွဲမှာ ပြန်ပြောပြပါတယ်။

ဒီမှတ်ချက်တွေကို ဂီနီမြို့တော် ကိုနာခရီဆီ လာရောက်လည်ပတ်တဲ့ အိုင်ဗရီကို့စ်နဲ့ ဂါနာ သမ္မတတွေနဲ့ ဒွမ်ဘောင်ယာတို့ အစည်းအဝေးအတွင်း ပြောခဲ့တာပါ။  သမ္မတ ကွန်ဒေကို ပြန်လွှတ်ရေး အားထုတ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ 

မနှစ်တည်းက ခုထိ အလယ်နဲ့ အနောက် အာဖရိကဒေသမှာ စစ်အာဏာသိမ်းမှု လေးရပ်ကို ကြုံတွေ့ခဲ့ရတာပါ။

ဒါကြောင့် ဒေသတွင်း ဒီမိုကရေစီ နောက်ပြန်ဆွဲတာ ထပ်မဖြစ်အောင် ဟန့်တားဖို့  ECOWAS အဖွဲ့ဝင်တွေရဲ့ ဆန္ဒအရ ဒဏ်ခတ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

2 months Ago

September 6, 2021

ဂီနီတွင် အစိုးရအဖွဲ့နှင့် အခြေခံဥပဒေကို ဖျက်သိမ်း

အနောက်အာဖရိကဒေသက  ဂီနီနိုင်ငံမှာ  အထူးတပ်ဖွဲ့ဝင် စစ်သည်တွေက အစိုးရနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းပြီး မြေပြင်နဲ့ ဝေဟင် နယ်နိမိတ်တွေကိုလည်း  ပိတ်ထားလိုက်ပြီလို့ ပြောလိုက်ပါတယ်။

သမ္မတ အယ်လ်ဖှာကွန်ဒေကို စက်တင်ဘာ ၅ ရက်မှာ ဖြုတ်ချလိုက်ပုံရတယ်လို့လည်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ မနေ့ မနက်က မြို့တော် ကိုနာခရီက သမ္မတနန်းတော်နားမှာ သေနတ်သံတွေ ပေါ်လာ အပြီး တိုက်ပွဲတွေလည်း ဖြစ်ခဲ့တာပါ။

နောက်ပိုင်းမှာတော့ သမ္မတကို စစ်တပ်အထူးတပ်ဖွဲ့ဝင်တွေ ခြံရံလျက်သား အခန်းထဲမှာ တွေ့ရပုံ ရုပ်သံတွေ လူမှုကွန်ရက် မီဒီယာပေါ် ရောက်လာခဲ့ပါတယ်။

ဒီရုပ်သံတွေကို သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေးပြီး အတည်မပြုနိုင်သေးပါဘူး။ သမ္မတ ကွန်ဒေ အခုဘယ်ရောက်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ 

သူဟာ တတိယသက်တမ်းအတွက် ရွေးကောက်ပွဲ ဝင်ပြိုင်နိုင်ဖို့ အခြေခံဥပဒေကို ပြင်ခဲ့ပြီး အောက်တိုဘာမှာ ရွေးကောက်ပွဲ နိုင်ခဲ့ပါတယ်။ ဒါကြောင့် အတိုက်အခံတွေက အကြမ်းဖက် ဆန္ဒပြခဲ့ပါတယ်။

ဆင်းရဲမွဲတေမှုနဲ့ အကျင့်ပျက်ခြစားမှု ကူးစက်ကပ်ဘေးကြီးက ကွန်ဒေကို ရာထူးကနေ ဖယ်ရှားဖို့ သူ့တပ်ကို ဖိအားပေးခဲ့တယ်လို့ ဂီနီစစ်တပ် အထူးတပ်ဖွဲ့ရဲ့ အကြီးအကဲ မာမာဒီ ဒွန်မ်ဘောင်ယာက အစိုးရရုပ်သံကနေ ပြောပါတယ်။

ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းတဲ့ ဘယ်လို ပုံစံကိုမဆို ပြစ်တင် ရှုတ်ချတယ်လို့ ဒေသတွင်း အင်အားကြီးနိုင်ငံ နိုင်ဂျီးရီးယားနဲ့ ကုလသမဂ္ဂတို့က ပြောခဲ့ပါတယ်။ ဒါပေမဲ့  ဒွန်မ်ဘောင်ယာက အလုံးစုံထိန်းချုပ် သိမ်းပိုက်ထားပြီလားဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ 

သမ္မတနန်းတော် တိုက်ခိုက်မှုကို တွန်းလှန်ပြီးပြီလို့ ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကားတွေက မြို့တော်အတွင်း ကင်းလှည့်နေပြီး နန်းတော်နဲ့ အစိုးရဝန်ကြီးဌာန အများစုရှိရာ ကာလောင်နဲ့ ပတ်ဝန်းကျင်ကို ချိတ်ဆက်ထားတဲ့ တခုတည်းသော တံတားကိုလည်း ပိတ်ထားတယ်လို့ စစ်တပ်သတင်းရင်းမြစ်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ 

3 months Ago
Up