ဂရိ

October 31, 2020

တူရကီနှင့်ဂရိတွင် အားပြင်းငလျင်ကြောင့် ၂၂ ဦး သေဆုံး

တူရကီ အေဂျီယန်ကမ်းရိုးတန်းနဲ့ ဂရိမြောက်ပိုင်း ဆေမော့စ်ကျွန်းအလွန်မှာ လှုပ်ခဲ့တဲ့ အားပြင်းငလျင်ကြောင့် သေဆုံးသူက ၂၂ ယောက်ထက်မနည်း ရှိလာပြီး နေအိမ်တွေ ပျက်စီးခဲ့ပါတယ်။  အောက်တိုဘာလ ၃၀ ရက်က တူရကီကမ်းရိုးတန်းမြို့ အစ္စမေးလ်မှာ ပြိုကျအဆောက်အအုံတွေအောက် အသက်ရှင် ကျန်ရစ်သူတွေကို  ကယ်ဆယ်ရေးသမားတွေ ရှာဖွေနေပါတယ်။  အစ္စမေးလ်မြို့က ပြိုကျအဆောက်အအုံ ၁၇ ခုမှာ ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေတယ်လို့ အရေးပေါ် ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ဆိုပါတယ်။  အပျက်အစီးအများဆုံးဖြစ်ခဲ့တဲ့ အနီးဝန်းကျင်တွေမှာ အာဏာပိုင်တွေက လူ နှစ်ထောင်ဆံ့တဲ့ ရွက်ဖျင်တဲတွေကို  ဆောက်နေတယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။  မြေငလျင် ပြင်းအား  ၆ ဒသမ ၆  မဂ္ဂနီကျူ့ရှိပြီး  ဗဟိုချက်ဟာ  အစ္စမေးလ်ပြည်နယ် ကမ်းရိုးတန်းက ၁၁ မိုင် အကွာမှာ ဖြစ်တယ်လို့ ဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့ကဆိုပါတယ်။  အမေရိကန် ဘူမိတိုင်းတာရေးအဖွဲ့ကတော့ မြေငလျင်ပြင်းအားဟာ  ၇ မဂ္ဂနီကျူ့ ရှိတယ်လို့ ပြောပါတယ်။  ပြတ်ရွေ့ကြောင်းကြီး ယှက်ဖျာနေတဲ့ တူရကီဟာ ကမ္ဘာမှာ မြေငလျင် အလှုပ်ခတ်ဆုံးနိုင်ငံတွေထဲက တခုဖြစ်ပါတယ်။  ၁၉၉၉ ခုနှစ်က ပြင်းအား ၇ ဒသမ ၆ မဂ္ဂနီကျူ့ မြေငလျင်ကြောင့် အစ်ဇ်မစ်မြို့မှာ လူပေါင်း ၁၇,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ၂၀၁၁ တုန်းကလည်း နိုင်ငံအရှေ့ပိုင်း ဗန်းမြို့ မြေငလျင်ကြောင့် လူပေါင်း ၅၀၀ ကျော် သေဆုံးခဲ့ပါတယ်။ 
7 months Ago

October 27, 2020

ဂရိ ရေနံတင်သင်္ဘောကို ဗြိတိန်အထူးတပ်ဖွဲ့ဝင်များ ပြန်ထိန်းချုပ်နိုင်

အင်္ဂလိပ်ရေလက်ကြားမှာ သင်္ဘောခိုးစီးသူတွေလိုက်ပါလာတဲ့ ဂရိရေနံတင်သင်္ဘောတစ်စီးကို ပြန်ထိန်းချုပ်နိုင်ဖို့ ဗြိတိန်အထူးတပ်ဖွဲ့ဝင်တွေက အင်အားသုံး စီးနင်းခဲ့ရတယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၆ ရက်မှာ ပြောပါတယ်။ နေ့ဗ်အန်ဒရိုမေဒါသင်္ဘောဟာ အောက်တိုဘာ ၂၅ ရက် မနက်က အင်္ဂလန်နယ် တောင်ဘက် ကမ်းရိုးတန်းမှာရှိတဲ့ ဆော့သ်သမ်တွန်ဆိပ်ကမ်းမှာ ကျောက်ဆူးချ ရပ်နားရမှာ ဖြစ်ပေမယ့် သင်္ဘောခိုးစီးသူတွေနဲ့ ပဋိပက္ခဖြစ်ပြီး ဆိုက်ကပ်နိုင်ခြင်းမရှိတဲ့ အခြေအနေ ဖြစ်ခဲ့တာပါ။  ဆိပ်ကမ်းမှာ သင်္ဘောဆိုက်ကပ်နိုင်ခြင်းမရှိတဲ့အတွက် သင်္ဘောသားတွေရဲ့လုံခြုံရေးကို ရဲတွေက စိုးရိမ်လာခဲ့ပြီး ဗြိတိန်အထူးတပ်ဖွဲ့ဝင်တွေက အင်အားသုံး စီးနင်းခဲ့ရပါတယ်။ ရေနံတင်သင်္ဘောပေါ်မှာ သင်္ဘောခိုးစီးသူတွေ အတော်များများက သင်္ဘောသားတွေနဲ့ အော်ကြီးဟစ်ကျယ် ငြင်းခုံကြချိန်မှာ အထူးတပ်ဖွဲ့ဝင်တွေက နှုတ်နဲ့ခြိမ်းခြောက်တာတွေ လုပ်ခဲ့ရတယ်လို့ ဟမ့်ရှိုင်းယား ရဲတပ်ဖွဲ့က ပြောပါတယ်။ အင်အားနဲ့ ခြိမ်းခြောက်မှုတွေသုံးပြီး သင်္ဘောကိုထိန်းချုပ်ပြီးနောက်အမျိုးသား ၇ ယောက်ကို ဖမ်းထားတယ်လို့ ဟမ့်ရှိုင်းယား ရဲတပ်ဖွဲ့ ပြောခွင့်ရက ပြောပါတယ်။ အခု‌တော့ ရေနံတင်သင်္ဘောဟာ ဆော့သ်သမ်တွန်မှာ ကျောက်ချထားပြီလို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။ သင်္ဘောခိုးစီးသူတွေက ဘယ်က လာတယ်၊ ဘာရည်ရွယ်ချက် ရှိတယ်ဆိုတာ မသိရသေးပါဘူး။ သူတို့အားလုံးဟမ့်ရှိုင်းယားက ရဲစခန်းတွေမှာ ရဲအချုပ်ထဲမှာ ရှိနေပြီး ဘာတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ တိကျတဲ့ အခြေအနေကို သိရဖို့ စုံစမ်းစစ်ဆေးသူတွေဟာ သင်္ဘောသား အားလုံးနဲ့ မေးမြန်းနေတယ်လို့လည်း ကြေညာချက် ထုတ်ပြန်ပါတယ်။ သင်္ဘောသားတွေအားလုံး ဘေးကင်းတယ်လို့လည်း ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။  ဒီနှစ်ထဲမှာ ပြင်သစ်ကနေ ဗြိတိန်ကမ်းရိုးတန်းကို ရောက်ဖို့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ခိုလှုံခွင့် တောင်းခံသူတွေ ထောင်ချီပြီး အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ သူတို့ဟာ မကြာခဏ ဆိုသလိုပဲ ရော်ဘာလေမှုတ်လှေတွေကို သုံးပြီး ကမ္ဘာ့မှာ သင်္ဘောတွေ အသွားများတဲ့ ရေလမ်းကြောင်းတခုကနေ ဖြတ်သန်းသွားဖို့ လူကုန်ကူးသူတွေကို ငွေပေး လုပ်ဆောင်လေ့ရှိကြတယ်လို့ ရိုက်တာ သတင်းမှာ ရေးပါတယ်။
7 months Ago
More News
Up