ဂရစ်ဇ်မန်း

July 29, 2019

မက်ဆီနှင့် တွဲကစားခွင့်ရရေး ကစားသမားဘဝ အိပ်မက်ဖြစ်ဟု ဂရစ်ဇ်မန်း ပြော

လီယွန်နယ်မက်ဆီနဲ့ တွဲဖက်ကစားရဖို့ဆိုတာ ကစားသမားဘဝ အိပ်မက်တခုဖြစ်ကြောင်း ဘာစီလိုနာအသင်းကို ပေါင် ၁၀၈ သန်းနဲ့ ပူပူနွေးနွေး ရောက်ရှိထားတဲ့ အန်တိုနီယို ဂရစ်ဇ်မန်းက ပြောကြားလိုက်ပါတယ်။ ဂရစ်ဇ်မန်းကို စပိန်သတင်းစာတခုရဲ့ အင်တာဗျူးမှာ မက်ဆီနဲ့ပတ်သက်လို့ မေးမြန်းချိန် အခုလိုပဲ ပွင့်ပွင့်လင်းလင်း ဖွင့်ဟ ပြောဆိုလိုက်တာပါ။ မက်ဆီဟာ အကောင်းဆုံးဖြစ်ကြောင်း၊ မက်ဆီနဲ့ သိကျွမ်းချင်ခဲ့သလို အတူတူ တွဲဖက်ကစားပြီး မက်ဆီအတွက် ဂိုးဖန်တီးမှုတွေ ပြုလုပ်ပေးချင်ခဲ့ကြောင်း ဂရစ်ဇ်မန်းက ပြောပါတယ်။ မက်ဆီနဲ့ပတ်သက်လို့ အိပ်ယာထဲမှာရော၊ လေ့ကျင့်ရေးကွင်းတွေမှာ ရှိနေတဲ့ အချိန်တွေမှာပါ ဗွီဒီယိုတွေကြည့်ရင်း တွေးခဲ့တယ်လို့ ဂရစ်ဇ်မန်းက ဆိုပါတယ်။ ဂရစ်ဇ်မန်းနဲ့ ပတ်သက်ပြီး အက်သလက်တီကိုမက်ဒရစ် အသင်းကတော့ အမျက်ဒေါသ ထွက်နေပြီး ဘာစီလိုနာအသင်းနဲ့ တိတ်တဆိတ် ဆက်သွယ်ခဲ့တာကြောင့် ကစားသမားကို လာလီဂါမှာ တရာသီကစားခွင့် ပိတ်ပင်ဖို့ တောင်းဆိုထားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ဂရစ်ဇ်မန်းကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ရာသီက ဆက်သွယ်ခဲ့ပြီး အဆင်မပြေဖြစ်ခဲ့လို့ ခေါ်ယူနိုင်ခြင်း မရှိပေမယ့် ကစားသမားနဲ့ တိတ်တဆိတ် ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အခုရာသီ အပြောင်းအရွှေ့မှာတော့ စာချုပ်တန်ကြေး ပေါင်သန်း ၁၀၀ ကျော်ထိ ဈေးကျသွားချိန်မှ ခေါ်ယူခဲ့တဲ့အတွက် မက်ဒရစ်မြို့ခံအသင်းရဲ့ ပေါက်ကွဲစရာကိစ္စ ဖြစ်ခဲ့တယ်လို့ စပိန်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
2 years Ago

July 15, 2019

မက်ဆီနှင့် တွဲကစားရမည့်အပေါ် ပျော်ရွှင်မိဟု ဂရစ်ဇ်မန်း ပြော

မက်ဆီနဲ့ တွဲကစားရ​တော့မှာဖြစ်​လို့ ​ပျော်​ရွှင်​​ကျေနပ်​မိတယ်လို့ ဘာစီလိုနာ ကစားသမားသစ် ဂရစ်ဇ်မန်းက ပြောလိုက်​ပါတယ်​။ ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ တနင်္ဂနွေနေ့က မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ပြီး ဘာစီလိုနာအသင်းက စာချုပ်လျော်ကြေး ပေါင် ၁၀၈ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ကာ အသင်းနဲ့အတူ ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ အသင်းနဲ့ မိတ်ဆက်ပွဲအပြီး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ မက်ဆီနဲ့ တွဲကစားရမယ့်အပေါ် ​​စိတ်​လှုပ်​ရှားမိပြီး သူ့ရဲ့ဘေးမှာ ကစားရမှာက မယုံကြည်နိုင်လောက်တဲ့ ပျော်ရွှင်မှုတခုဖြစ်​​တယ်၊ အသင်းနည်းပြနဲ့ အသင်းဖော်တွေ အားလုံးနဲ့လည်း အတူလေ့ကျင့်ပြီး ရှေ့လျှောက် နူးကမ့်ကွင်းထဲမှာ အောင်မြင်မှုတွေ အများကြီး ရယူနိုင်ဖို့လည်း မျှော်လင့်​တယ်လို့ ဂရစ်ဇ်မန်းက ပြောပါတယ်​​။ လာမယ့်ရာသီမှာ လာလီဂါဆုဖလားနဲ့ ရှုံးထွက်ဖလားတွေအပြင် ဥရောပ ချန်ပီယံလိဂ် ဖလားကိုလည်း ရယူနိုင်ဖို့အတွက် ဘာစီလိုနာအသင်းကို ရောက်လာခဲ့တာ ဖြစ်တယ်လို့လည်း ဂရစ်ဇ်မန်းက ပြောပြသွားပါတယ်။ ဂရစ်ဇ်မန်းဟာ ဂျပန်ခြေစမ်းခရီးစဉ်မှာ အသင်းနဲ့အတူ စတင်လိုက်ပါ လေ့ကျင့်သွားမှာ ဖြစ်ပါတယ်။
2 years Ago
More News
Up