ခွင့်မပြု

July 31, 2020

နိုင်ငံတကာခရီးသည်တင်လေကြောင်းခရီးစဉ်များ ဩဂုတ်လကုန်အထိ ပျံသန်းဆင်းသက်ခွင့်မပြု 

နိုင်ငံတကာခရီးသည်တင်လေကြောင်းခရီးစဉ်တွေ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းမပြုတဲ့  ယာယီကန့်သတ်ကာလကို ဩဂုတ် ၃၁ ရက်အထိ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက  မတ်လ ၂၉ ရက်က စတင်ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီကန့်သတ်ခြင်းဆိုင်ရာညွှန်ကြားချက် (Temporary Measures to Prevent Importation of CoVID19 to Myanmar through Air Travel)ရဲ့  သက်ရောက်မှုကာလကို ဇူလို ၃၁ ရက်အထိ သတ်မှတ်ခဲ့တဲ့ရက်ပြည့်သွားချိန်မှာ နောက်ထပ် တစ်လထပ်တိုးလိုက်တာပါ။  မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေး ဆောင်ရွက်ရာမှာ နိုင်ငံတကာမှ လေကြောင်းခရီးစဉ်တွေနဲ့ ခရီးသည်တွေ ဝင်ရောက်လာမှုကို ကန့်သတ်ထိန်းချုပ်နိုင်ရေးဟာ များစွာအရေးပါတဲ့အတွက် ထပ်တိုးလိုက်တာလို့ ဆိုပါတယ်။ ဒါကြောင့် ကိုဗစ်-၁၉  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီရဲ့ ခွင့်ပြုချက်နဲ့ ဩဂုတ် ၃၁ ရက်  မြန်မာစံတော်ချိန်ည  (၂၃:၅၉) နာရီအထိ ထပ်မံ တိုးမြှင့် သတ်မှတ်လိုက်ကြောင်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။ နိုင်ငံတကာခရီးသည်တင်လေကြောင်းခရီးစဉ်တွေ  မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းမပြုဖို့ တားမြစ်ထားပေမဲ့  ပြည်ပနိုင်ငံတွေမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည်ခေါ်ယူဖို့သွားတဲ့ ကယ်ဆယ်ရေးလေယာဉ်နဲ့ အထူးလေယာဉ် တွေကတော့ ဆင်းသက်ခွင့်ပြုထားပါတယ်။ မြန်မာနိုင်ငံမှာ ဒီကနေ့ ဇူလိုင် ၃၁ ရက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၃၅၃ ဦးရှိသွားပြီဖြစ်ပြီး အများစုဟာ ပြည်ပနိုင်ငံတွေက ပြန်လာသူတွေမှာ ရောဂါစစ်ဆေးတွေ့ရှိတာ ဖြစ်ပါတယ်။ 
11 months Ago

April 26, 2020

ချောက်တွင် ကုန်စည်ယာဉ်များကို မေ ၁ ရက်ကစ၍ ညအိပ်ညနေ ခွင့်မပြု

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ဖို့ ချောက်မြို့မှာ မေလ ၁ ရက်နေ့က စတင်ပြီး ကုန်စည်ပို့ဆောင်ရေးယာဉ်များကို ကုန်တင် ကုန်ချခွင့်သာပေးပြီး ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို ညအိပ်ညနေ နေခွင့်မပြုတော့ဘူးလို့ သိရပါတယ်။ ရန်ကုန်၊ မန္တလေး အစရှိတဲ့ အခြားတိုင်း‌မြို့တွေကို သွားရောက်ပြီး ကုန်စည်တင်ဆောင်ကာ ပြန်လည်ရောက်ရှိလာတဲ့ ချောက်မြို့က ယာဉ်တွေနဲ့ အခြားမြို့တို့က ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကို မြို့အပြင် မိုလာကျေးရွာရှိ သားထဂူ ဘုရားဘုန်ကြီးကျောင်းမှာ စီစဉ်ပေးထားပြီး လူပိုတင်ဆောင်လာပါက ထိရောက်စွာ အရေးယူသွားမယ်လို့ မြို့ယာဉ်ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှအောင်ရွှက ပြောပါတယ်။ “မေ ၁ ရက်နေ့ စရောက်တယ်ဆိုရင် သူတို့ကို လက်မခံတော့ဘူး။ စည်းမျဉ်း၊ စည်းကမ်းနဲ့ ပြောပြီးပြီ၊ လူပိုလက်မခံဘူး။ လူပို ပါလာရင် အကုန် အရေးယူမယ်။ သူတို့နှစ်ယောက်ပဲ ကုန်ချပြီး အဲဒီမှာ သွားနေ၊ ကုန်စည်အထွက်ကတော့ ဘယ်လိုမှ လုပ်မပေးလို့ရဘူး။ ပြန်လာလို့ Quarantine ၂၁ ရက် ဝင်ရမယ်ဆိုရင် ဘယ်သူမှ မောင်းမှာလည်း မဟုတ်ဘူး။”  မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းက “ကျနော်တို့ အစီအစဉ်မဟုတ်ဘူး။ ယကက (မြို့နယ်ပုဂ္ဂလိကပိုင်လုပ်ငန်းသုံး မော်တော်ယာဉ်များ စနစ်တကျကြီးကြပ်ရေး) ကနေပြီးတော့ ယာဉ်လုပ်ငန်းရှင်ကြီးများရဲ့ ဆန္ဒအရ ကုန်စည်ပို့ဆောင်ရေးကတော့ တစ်ရက် နှစ်ရက် နောက်ပိုင်းက စပြီး ပြန်လာတဲ့ ယာဉ်မောင်းတွေကို သီးခြားနေရာ ချထားပြီးတော့ ဆောင်ရွက်ကြမယ်ပေါ့” လို့ ပြောပါတယ်။ ချောက်မြို့ခံ ကုန်တင်ယာဉ် ယာဉ်မောင်းနဲ့ ယာဉ်နောက်တွေကို ပြန်လည် ဆိုက်ရောက်ချိန်တိုင်း ကျန်းမာရေးစစ်ဆေးမှုတွေ ဆောင်ရွက်သွားမှာဖြစ်ပြီး စားရေးကိုတော့ ယာဉ်ပိုင်ရှင်တွေက တာဝန်ယူ ကျွေးမွေးတာတွေ ဆောင်ရွက်သွားမယ်လို့ ယာဉ်ကြီးကြပ်ရေး ကော်မတီက သိရပါတယ်။ Five Brothers ကုန်စည်ပို့ဆောင်ရေးပိုင် ကိုထွန်းထွန်းဝင်းက “သူတို့ကသာ ဒီလိုလုပ်တာ ရက် ၂၀ လောက်စာ ပြောတာလေ။ ကျနော့်အမြင်မှာတော့ မကလောက်ဘူး မြင်တယ်။ နိုင်ငံတကာကတောင် မပြောနိုင်ဘူးဖြစ်နေတာ။ ကျနော်တို့မြို့လေးက ဘာသွားပြောနိုင်မလဲ” လို့ ပြောပါတယ်။ COVID-19 ရောဂါ ဖြစ်ပွားချိန်ကာလဖြစ်နေသောကြောင့် ကုန်စည်မော်တော်ယာဉ်မောင်းတွေ နည်းသွားပြီး ရှာဖွေရာဖို့ အခက်အခဲများစွာရှိတယ်လို့ မြို့ ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။ မကွေးတိုင်းအစိုးရအဖွဲ့က တိုင်းအတွင်း တခြားနေရာတွေ သွားလာလုပ်ကိုင်နေသူတွေအား မြို့နယ်ကျေးရွာတွေကို ဝင်ထွက်သွားလာခွင့် ပိတ်ပင်ဆောင်ရွက်တာ မပြုလုပ်ဖို့နဲ့ တခြားတိုင်းနဲ့ ပြည်နယ်တွေကို နယ်‌မြေကျော် ခရီးသွားလာပြီး ပြန်လည်ရောက်ရှိသူတွေကိုသာ သတ်မှတ်နေရာတွေမှာ Facility Quarantine ၂၁ ရက်ထားရှိပြီးမှ နေအိမ်တွေမှာ နေထိုင်စေဖို့ ညွန်ကြားထားပါတယ်။ ကိုလင်း(ချောက်)
1 year Ago
Up