ခွဲစိတ်ပြုပြင်ပြီး အသက်ထက်ဝက် ငယ်သွားသည့် ထိုင်းအဆိုတော်

March 4, 2016

ခွဲစိတ်ပြုပြင်ပြီး အသက်ထက်ဝက် ငယ်သွားသည့် ထိုင်းအဆိုတော် (ဓာတ်ပုံ)

အသက် ၆၀ အရွယ် ထိုင်းကျေးလက်အဆိုတော်တဦးဟာ ခွဲစိတ်ပြုပြင်ပြီးနောက်မှာ သူ့အသက်ရဲ့ထက်ဝက် နှစ်ပေါင်း ၃၀ လောက် ငယ်ရွယ်နုပျိုသွားခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ဆူရာချိုင်ဆွန်ဘက်ချာရီယွန် အမည်ရတဲ့ အဲဒီအဆိုတော်ဟာ ခုလိုဖြစ်လာစေဖို့ ပြီးခဲ့တဲ့လက ခွဲစိတ်ပြုပြင်ခဲ့တာဖြစ်ပြီး မတ်လ ၃ ရက်နေ့မှာတော့ ခွဲစိတ်ပြုပြင်ထားတဲ့ အသက် ၃၀ အရွယ် မျက်နှာအသစ်နဲ့အတူ ပြသလိုက်တာပါ။ ခုလို အသက်ထက်ဝက် ငယ်ရွယ်နုပျိုသွားအောင် ခွဲစိတ်ရာမှာ ဦးဆောင်ခဲ့သူဟာ ဆီပင်းချိုင်ယာဆန် အမည်ရ အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတဦးဖြစ်ပြီး သူ့ရဲ့မျက်နှာပေါ်က နေရာ ၁၀ ခုလောက်ကို ခွဲစိတ်ကုနည်းပညာသုံးပြီး ပြုပြင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဆူရာချိုင်ဆွန်ဘက်ချာရီယွန်ရဲ့ ခွဲစိတ်ပြုပြင်မှု သတင်းကြောင့် ဝေဖန်မှုတွေ အမျိုးမျိုးရှိခဲ့ပေမယ့် ခုချိန်မှာတော့ ပရိသတ်ရှေ့ကို ချပြခဲ့တာပါ။ ဆီပင်းရဲ့ မျက်နှာပြုပြင်ခွဲစိတ်မှုလို့ အမည်တပ်ထားတဲ့ ပလတ်စတစ်ဆာဂျရီ မျက်နှာခွဲစိတ်ပြုပြင်ရေး လုပ်ငန်းဟာ အတုအယောင် ဆရာဝန်က အတုအယောင် ခွဲစိတ်ပြုပြင်မှုတွေ လုပ်နေတယ်လို့ ထိုင်းမီဒီယာတွေပေါ်မှာ အကြီးအကျယ် ဝေဖန်ခံခဲ့ရပြီးနောက်မှာတော့ ဆီပင်းချိုင်ယာဆန်က သူဟာ ဆရာဝန်တယောက်မဟုတ်ဘဲ ပလတ်စတစ် ခွဲစိတ်ပြုပြင်မှုဆိုင်ရာ အကြံပေးတဦးသာ ဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲတခုမှာ ပြောခဲ့တာပါ။ ဆီပင်းချိုင်ရာချိုင်ဟာ သူ့ရဲ့ ခွဲစိတ်ပြုပြင်မှုတိုင်းမှာ သူ့ကိုယ်သူ ဒေါက်တာ ဆီပင်းလို့ သုံးလေ့ရှိတဲ့အတွက် ခုလိုဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့တာပါ။ ဓာတ်ပုံ - ဘန်ကောက်ပို့စ်  
5 years Ago
Up