ချောင်းဦးမြို့နယ်

October 11, 2021

ချောင်းဦးမြို့နယ်တွင် မိုင်းနင်းမိပြီး ဒေသခံ ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်၊ မြို့ပေါ်ရပ်ကွက်တစ်ခုမှာ အောက်တိုဘာ ၁၀ ရက်က မိုင်းနင်းမိပြီး ဒေသခံ  ၂ ဦး သေဆုံးတယ်လို့ သိရပါတယ်။

“မနေ့ ညနေ ၆ နာရီဝန်းကျင်က ကြက်သွန်စိုက်ဖို့ လယ်ထဲမြေသွားကြည့်ရာကနေ မိုင်းနင်းမိလို့ အမျိုးသား ၂ ဦး သေဆုံးပြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အခု မိုင်းနင်းမိတဲ့နေရာက ချောင်းဦးမြို့အနောက်ဘက် အမြင့်သွားတဲ့ ကြေးနီတံတားအနီး လူသွားလူလာများတဲ့ လယ်တောထဲမှာ နင်းမိတာလို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၁၀ ရက်ကစပြီး  မိုင်းအလုံး ၅၀၀ စီမံကိန်းကို   စတင်မယ်လို့ ကြေညာထားတဲ့ အပြင်  ရဲစခန်းတွေ၊ စစ်ကောင်စီရုံးစိုက်ရာနေရာတွေနား မသွားကြဖို့နဲ့   အဓိက  မုံရွာ၊ ပုလဲ၊ ဂန့်ဂေါလမ်းမကြီးကို  မသွားကြဖို့လည်း ပြည်သူ့တော်လှန်ရေး တပ်မတော် People Revolution Army (PRA)  က သတိပေးထားပါတယ်။ 

အဲဒီရက်မတိုင်မီကလည်း တိုက်ပွဲဖြစ်ပွားရာနေရာဒေသတော်တော်များက ဒေသခံတချို့လည်း မိုင်းနင်းမိတာတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

လက်နက်ကိုင် ပဋိပက္ခများကြောင့် မြန်မာနိုင်ငံဟာ တစ်ကမ္ဘာလုံးမှာ လူသတ်မိုင်းကြောင့် သေဆုံးသူ တတိယအများဆုံးနိုင်ငံ ဖြစ်တယ်လို့  မြေမြှုပ်မိုင်းလေ့လာစောင့်ကြည့်ရေးအဖွဲ့က ၂၀၁၂ ခုနှစ်မှာ ထုတ်ပြန်ထားတာပါ။

2 months Ago

September 27, 2021

ချောင်းဦးမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးအားလုံးနီးပါး နုတ်ထွက်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအားလုံးပါး နုတ်ထွက်စာ တင်ထားကြပြီး တာဝန်တွေကနေ ရပ်နားသွားကြကြောင်း မြို့နယ်ထွေအုပ်အသိုက်အဝန်းက သိရပါတယ်။

ထွေအုပ်နဲ့နီးစပ်သူတဦးက “အခုလ စက်တင်ဘာ ၂၅ ရက်နေ့ကတည်းက နုတ်ထွက်စာတွေ တင်လာကြတာ။ ဝယာကျေးရွာ‌၊ ကျောက်စစ်ကန်ကျေးရွာ၊ ရွှေလှေကျေးရွာ၊ မှန်ချိုကျေးရွာ၊ ညောင်ပင်သာရွာ၊ ကင်းမွန်တောကျေးရွာတွေက အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်သွားကြတာ” လို့ ပြောပါတယ်။

ချောင်းဦးမြို့နယ် အကြမ်းဖက် စစ်ကောင်စီလက်အောက်က ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတွေအားလုံး အခုလ စက်တင်ဘာ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး နုတ်ထွက်ကြဖို့နဲ့ ပျက်ကွက်ပါက သုတ်သင်ချေမှုန်းသွားမယ်လို့ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHU-PDF) က   စက်တင်ဘာ ၂၄ ရက်နေ့က သတိပေးချက် ထုတ်ပြန်ခဲ့တာပါ။

“နုတ်ထွက်သွားတဲ့သူတွေကိုတော့ သိပ်မယုံရသေးဘူး။ စောင့်ကြည့်ဖို့တော့ လိုလိမ့်မယ်။ စစ်အာဏာရှင် လက်အောက်က အမြန်ရုန်းထွက်နိုင်ဖို့ ချောင်းဦး PDF နဲ့ အတူ ဒီမြို့က ပြည်သူတွေက လက်တွဲညီဖို့လိုလိမ့်မယ်” လို့ ဒေသခံတဦးက မှတ်ချက်ပြုပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၃၇ အုပ်စုရှိပြီး ရာထူးကနေ မနုတ်ထွက်သေးတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေလည်း ရှိနေသေးကြောင်း ဒေသခံတွေဆီက သိရပါတယ်။

2 months Ago
More News
Up