ချောင်းသာကမ်းခြေ

January 4, 2021

ချောင်းသာကမ်းခြေတွင် အထောက်အထားမဲ့ ဝင်လာသူ ၇ ဦးနှင့် လိုက်ပို့သူ ၅ ဦးဖမ်းမိ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့မှာ ဇန်နဝါရီ ၄ ရက်နေ့ မနက်အစောပိုင်းက ရခိုင်ပြည်နယ်ကနေ အထောက်အထားမဲ့ ဝင်ရောက်လာသူ ၇ ဦး ဖမ်းမိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ရခိုင်ပြည်နယ်က ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂ ဦးနဲ့ သူတို့ကို စက်လှေနဲ့လိုက်ပို့ပေးတဲ့ လူ ၅ ဦး စုစုပေါင်း ၁၂ ဦးကို ကျောက်မောင်နှမကမ်းခြေနဲ့ ရေမိုင် ၁ မိုင်အကွာ ပင်လယ်ပြင်မှာ ဖမ်းမိခဲ့တာလို့ ချောင်းသာမြို့အုပ်ချုပ်ရေးမှူး ဦးကျော်သူက DVB ကို ပြောပါတယ်။ “နယ်မြေခံတပ်တွေ ရဲတွေနဲ့ ကျနော်တို့အဖွဲ့တွေ ပူးပေါင်းပြီး ပင်လယ်ပြင်မှာ  မနက် ၁ နာရီလောက်မှာ ထိန်းသိမ်းနိုင်ခဲ့တာပါ၊ ခုတော့ စခန်းမှာ ခေါ်ထားပါတယ်။ လိုက်ပို့တဲ့ လူ ၅ ဦးကိုတော့ တရားဥပဒေအတိုင်း အရေးယူသွားဖို့ပြင်ဆင်နေပါတယ်”လို့ ပြောပါတယ်။ ဖမ်းဆီးရမိတဲ့ လူတွေကို နယ်မြေရဲစခန်းမှာ ထားပြီး ဆက်လက်တင်ပြထားသလို အစားအစာတွေနဲ့ အဝတ်အစားတွေကိုလည်း ထောက်ပံ့ပေးထားကာ လိုက်ပို့တဲ့ စစ်တွေက အမျိုးသား ၅ ဦးကို တည်ဆဲဥပဒေတွေအရ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ ရခိုင်ပြည်နယ်က အထောက်အထားမဲ့ ဝင်လာသူတွေနဲ့ လိုက်ပို့သူ ၁၂ ဦးကို ကိုဗစ်-၁၉ ရောဂါပိုးရှိ မရှိ စစ်ဆေးသွားမှာဖြစ်ပြီး ရလဒ်အပေါ်မှာ လိုအပ်သလို ဆက်လက်ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်းမှာ ရခိုင်ပြည်နယ်က အထောက်အထားမဲ့ ဝင်လာသူတွေကို ဖမ်းဆီးရမိတာဟာ ၂၀၂၀ ခုနှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့မှတ်တမ်းတွေအရ သိရပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)
4 months Ago

September 8, 2020

ချောင်းသာကမ်းခြေ၌ သောင်တင်နေသည့် လင်းပိုင် ၁ ကောင်ကို ပင်လယ်ထဲ ပြန်လွှတ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာကမ်းခြေမှာ စက်တင်ဘာ ၇ ရက် မနက်ပိုင်းက လင်းပိုင် ၁ ကောင် သောင်တင်နေတာကို ဟိုတယ်ဝန်ထမ်းတွေက စတင်တွေ့ရှိခဲ့ပြီးနောက် သက်ဆိုင်ရာက ပင်လယ်ထဲ ပြန်လွှတ်ပေးခဲ့ပါတယ်။ ချောင်းသာမြို့အုပ်ချုပ်ရေးမှူး ဦးကျော်သူက “ကမ်းခြေက ဟိုတယ်ဝန်ထမ်းတွေက အရင်စတွေ့တာပါ။ ဘဲလ်ဟိုတယ်ရှေ့ ကမ်းခြေနားမှာ စတွေ့တော့ ဝန်ထမ်းတွေက ပိုင်ရှင်ကို အကြောင်းကြားတော့ ပိုင်ရှင်က တာဝန်ရှိသူတွေကို ဆက်လက်အကြောင်းကြားခဲ့လို့ သိရှိခဲ့တာဖြစ်ပြီး သောင်လာတင်တဲ့ ဧရာဝတီလင်းပိုင်မှာ ပုံမှန်အရွယ်အစားရှိတဲ့ အမ အမျိုးအစားဖြစ်တယ်။ လမ်းမှားပြီး သောင်လာတင်တဲ့ သဘောပေါ့၊ ရေတိမ်ဘက်ရောက်တော့ ရေနက်ထဲကို သူ ပြန်မကူးနိုင်တော့ဘူး။ အဲဒီတော့ ဒီက ရေလုပ်ငန်းအဖွဲ့တွေ ငါးလုပ်ငန်းအဖွဲ့တွေနဲ့ ပူးပေါင်း ပြီးတော့ ရေမိုင် ၂ မိုင်လောက် သဲဖြူကျွန်းအကျော်နားမှာ ရေအေးစီးကြောင်းဆိုတာ ရှိပါတယ်။ ဘုတ်နဲ့တင်ပြီး အဲဒီနားထိ သွားပြန်လွှတ်ပေးရတာ၊ အဲဒါမှ သူတို့ကို ပြန်ကူးနိုင်ပြီး အသက်ရှင်တာပါ  ”လို့  ပြောပါတယ်။ သောင်လာတင်တဲ့ ဧရာဝတီလင်းပိုင်းမှာ အမဖြစ်ပြီး အလျား ၄ ပေနီးပါးရှိကာ လုံးပတ် ၁ ပေခွဲလောက်ရှိပါတယ်။ လင်းပိုင်တွေက အုပ်လိုက်လာပြီး ခုသောင်လာတင်တဲ့ အကောင်သာ အဖွဲ့ကွဲလာတာ ဖြစ်တယ်လို့ သိရပါတယ်။ အရင်ကလည်း ခုလို ဧရာဝတီလင်းပိုင် အလတ်စား ၁ ကောင် ဝင်လာတာမျိုးရှိခဲ့ပြီး အဲဒီတုန်းကတော့ သူ့ဘာသာပြန်ထွက်သွားခဲ့ဖူးတယ်လို့ မြို့အုပ်ချုပ်ရေးရုံး တာဝန်ရှိသူက ပြောပါတယ်။ ဧရာဝတီလင်းပိုင်တွေဟာ အုပ်စုဖွဲ့နေထိုင်တဲ့ ငါးမျိုးစိတ်ဖြစ်ကာ များသောအားဖြင့် ပင်လယ်ရဲ့ ရေနက်ပိုင်းဖြစ်တဲ့ ရေအေးစီးကြောင်းရှိတဲ့ အနားမှာသာ နေထိုင်ကျက်စားလေ့ရှိတဲ့ မျိုးစိတ်လည်းဖြစ်တယ်လို့  ဒေသခံရေလုပ်သားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ မင်းထက်မုန်း (ပုသိမ်)
8 months Ago
Up