ချောက်မြို့

March 14, 2021

ချောက်မြို့၌ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသွားသည့် ကိုဝင်းဖြိုးအောင်၏ ဈာပနကျင်းပ

မကွေးတိုင်း ချောက်မြို့မှာ  စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးအတွင်း  ကျဆုံးသွားတဲ့ ကိုဝင်းဖြိုးအောင်ရဲ့ဈာပနကို   ဒီနေ့  မတ်လ ၁၄ ရက် ညနေက မြေနီကုန်းရပ်ရှိ သုသာန်မှာ သင်္ဂြိုဟ်လိုက်ပါတယ်။

သူ့ရဲ့ဈာပနကို  ဒေသခံ  ၅၀၀၀ ကျော်က  လာရောက်ပို့ဆောင်ပေခဲ့ပြီး စစ်အာဏာရှင်အလိုမရှိ ကြောင်း လက်သုံးချောင်းထောင် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

 အမှတ် ၆ ၊ ရွှေသူဌေးရပ်နေ အသက် ၄၁ နှစ်အရွယ်  ကိုဝင်းဖြိုးအောင်ဟာ မတ်လ ၁၃ ရက် နေ့လည်ပိုင်းက ချောက်မြို့ အမှတ် ၁၅၊ ရတနာအိုင့်ရပ်မှာ ရဲတပ်ဖွဲက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့  ကျဆုံးသွားတာဖြစ်ပါတယ်။

မတ်လ ၁၃ ရက်နေ့က မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့နဲ့  မြို့နယ်ရဲတပ်ဖွဲ့က ချောက်မြို့ အဓိက လမ်းမတွေနဲ့  ရပ်ကွက်တချို့ရှိ  လမ်းတွေထဲ ဝင်ရောက်ကာ မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျဉ်တွေ၊ ကျည်အစစ်တွေနဲ့  အကြမ်းဖက်ပစ်ခတ်ခဲ့ရာမှာ ကိုဝင်းဖြိုးအောင်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၁၀ ယောက် ထက်မနည်းရှိခဲ့ပါတယ်။

2 months Ago

March 13, 2021

ချောက်မြို့တွင် ရဲတပ်ဖွဲက ပစ်ခတ်မှုကြောင့် အမျိုးသား ၁ ဦး သေဆုံး

မကွေးတိုင်း ချောက်မြို့မှာ မတ် ၁၃ ရက် ညနေ ၃ နာရီအချိန်လောက်မှာ ရဲတပ်ဖွဲ့က  အမှတ် ၁၅ ရတနာအိုင့် ချောင်းကူးတံတားအနီး ပစ်ခတ်မှုမှာ ကျည်ထိမှန်ခဲ့တဲ့ အမျိုးသားတစ်ဦး ညောင်ဦးဆေးရုံ အရေးပေါ်ပို့ဆောင်စဉ် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ချောက်မြို့မှာ ဒီကနေ့မနက်ပိုင်းက မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ချောက်မြို့မစခန်းနဲ့ ပူးပေါင်းကာ ဆန္ဒ‌ဖော်ထုတ်သူတွေကို ပစ်ခတ်ဖြိုခွင်းပြီး လူ ၁၃ ဦးထက်မနည်း ဖမ်းဆီးခဲ့တယ်လို့ ဆန္ဒပြသူတဦးက ပြောပါတယ်။

ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံး၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီးနောက် ဖမ်းဆီးခံရသူတွေအား ပြန်လွှတ်ပေးဖို့ တောင်းဆိုဖို့ ရဲစခန်းရှေ့ လူစုနေစဉ်  ရဲတပ်ဖွဲ့ဝင်တွေ ထွက်လာပြီး ပစ်ခတ်လူစုခွဲခဲ့သလို မြို့မဈေးအ‌ရှေ့ဘက်လမ်း‌ပေါ်လည်း မျက်ရည်ယိုဗုံးတွေ ကျလာလို့ ဈေးသူဈေးသားတွေ ဆိုင်တွေ ပိတ်သိမ်းခဲ့ကြရပါတယ်။

အဲဒီနောက်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေက မော်တော်ယာဉ်တွေနဲ့  လူစုမြင်တဲ့နေရာတွေနဲ့ ရပ်ကွက်တွေအထိ လိုက်လံပစ်ခတ်‌တာကြောင့် ၁၀ ဦးထက်မနည်း ရာဘာကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြပါတယ်။

အမှတ် ၁၅ ရပ်ကွက်မှာတော့ လမ်းတွေပိတ်ဆို့ထားပြီး ကျည်အစစ်နဲ့ အကြိမ် ၅၀ ထက်မနည်း ပစ်ခတ်ခဲ့တာကြောင့် အမျိုးသား ၁ ဦး ကျည်ထိမှန်ဒဏ်ရာရခဲ့ပြီး ညောင်ဦးဆေးရုံပိုဆောင်စဉ် ညနေ ၅ နာရီ ဝန်းကျင်လောက် အရေးပေါ်ယာဉ်ပေါ်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

2 months Ago
More News
Up