ချောက်ထဲထိုးကျ

May 26, 2020

မိုင်းဆတ်-တာချီလိတ်လမ်းတွင် လမ်းလုပ်သားတင်ကား ၁ စီး ချောက်ထဲထိုးကျ၊  ၉ ဦးသေဆုံး

ရှမ်းပြည်နယ်အရှေ့ပိုင်း၊  မိုင်းဆတ်မြို့မှ လမ်းဆောက်လုပ်ရေးအလုပ်သမားတွေ တင်ဆောင်လာတဲ့ကား တစ်စီး ဒီနေ့ မနက်ပိုင်းက  ပေ ၂၀၀ နက်တဲ့ ချောက်ထဲ ထိုးကျသွားတဲ့ အတွက် လူ ၉ ဦး သေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေးဆောင်ရွက်ခဲ့တဲ့ တပ်မတော်သား တစ်ဦးက ပြောပါတယ်။ မိုင်းဆတ်-တာချီလိတ်လမ်းမကြီးအတိုင်း ယာဉ်မောင်း ဇေယျာ​ဦး (၂၆ နှစ်) မောင်းနှင်လာတဲ့ FAW ကားတစ်စီးဟာ မေလ ၂၆ ရက် မနက် ၉ နာရီလောက်က မိုင်းတွမ်းမြို့မရောက်မီ ၅ မိုင်ခန့်အကွာ ဂီယာဘောက်ချို့ယွင်းပြီး လမ်းရဲ့ညာဘက်  ပေ ၂၀၀ လောက်နက်တဲ့ ချောက်အတွင်း ထိုးကျခဲ့တာပါ။ ကယ်ဆယ်ရေးဆောင်ရွက်ခဲ့တဲ့ တပ်မတော်သားတဦးက "ကျနော်တို့ ကားကျတာ သိသိချင်း ဝိုင်းဝန်းကယ်ဆယ်ကြပါတယ်။ ချောက်ထဲမှာတော့ကျား သုံးယောက်နဲ့  မ ငါးယောက်အလောင်းတွေကိုကောက်ယူခဲ့ရတယ်။ ဒဏ်ရာပြင်းထန်သူတွေ ဆယ်ယောက်လောက်ကို အပေါ်ဝိုင်းတင်ပေးခဲ့ရတယ်။ ခုတော့ အားလုံးဆေးရုံရောက်နေပါပြီ။ မိုင်းတွမ်းနဲ့ တာချီလိတ်အကြား ကွန်ကရစ် လမ်းခင်းအဖွဲ့ကလို့ သိရပါတယ်''လို့ ပြောပါတယ်။ ဒဏ်ရာပြင်းထန်စွာရရှိထားသူတွေကို မိုင်းဆတ်ခရိုင် ပြည်သူ့ဆေးရုံကိုတင်ပို့စဉ် မိန်းကလေးတဦး ထပ်မံသေဆုံးခဲ့လို့ စုစုပေါင်း အမျိုးသား ၃ ဦး၊ အမျိုးသမီး ၆ ဦး သေဆုံးခဲ့ရပြီး ၁၀ ဦးကို အတွင်းလူနာအဖြစ် ကုသမှုပေးနေရကာ သေဆုံးဒဏ်ရာရသူစာရင်းကို ယာဉ်ထိန်းရဲတပ်ဖွဲ့က စိစစ်နေဆဲဖြစ်ပါတယ်။ သတင်း- အောင်ဇေယျ
12 months Ago

March 12, 2020

ပွင့်ဖြူမြို့နယ်တွင် ယာဉ်တစီး ချောက်ထဲထိုးကျမှုကြောင့် ၂ ဦးသေဆုံး၊ ၈ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ကျွဲတံခါးကျေးရွာအုပ်စု၊ ချောင်းဆုံကျေးရွာ၊ ပုသိမ်-မုံရွာလမ်း၊ မိုင်တိုင်အမှတ် ၂၅၁/၃ အနီးမှာ ဒီနေ့မနက် ၅ နာရီခွဲလောက်က မော်တော်ယာဉ် ၁ စီး လမ်းဝဲဘက်ရှိ ချောက်ထဲ ထိုးကျတိမ်းမှောက်ခဲ့တာကြောင့် သံဃာ ၁ ပါးနဲ့ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။ အခင်းဖြစ်နေရာကို မဲဇလီနယ်မြေမီးသတ်စခန်း၊ ရွှေစက်တော်နယ်မြေ၊ ငဖဲမြို့နယ်နဲ့ စလင်းမြို့နယ်မီးသတ်စခန်းတွေက သန္ဓေနဲ့အရန်တပ်ဖွဲ့ဝင်တွေ၊ ဆည်တော်ကျေးရွာမှ မြင့်မြတ်စိတ်ထား လူမှုကူညီရေးအသင်းအဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကြပါတယ်။ ယာဉ်ပေါ်ပါ လိုက်ပါစီးနင်းသူ သံဃာတော်တစ်ပါး(ပျံလွန်တော်မူ)၊ မ ၁ ဦး (သေဆုံး) တို့နဲ့ ဒဏ်ရာရသူ ၈ ဦးတို့အား မဲဇလီလူမှုကူညီရေးအသင်းနဲ့ ဆည်တော်ကျေးရွာ လူမှုကူညီရေးအသင်းယာဉ်တွေနဲ့ မဲဇလီပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။
1 year Ago
Up