ချီးကျူ

September 21, 2020

ချဲလ်ဆီးကိုနိုင်ခဲ့သည်ပွဲ၌ ဖာဘင်ဟို၏စွမ်းရည်ကို လီဗာပူးနည်းပြ ချီးကျူး (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ထိပ်သီးနှစ်သင်းတွေ့တဲ့ပွဲမှာ လီဗာပူးအသင်းက အဝေးကွင်းမှာ ချဲလ်ဆီးကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ချဲလ်ဆီးကို အနိုင်ရတဲ့ပွဲမှာ ဗဟိုနောက်ခံလူအဖြစ် ပွဲထွက်ကစားခဲ့တဲ့ ဖာဘင်ဟိုကို အကောင်းဆုံး ကစားသမားအဖြစ်သတ်မှတ်နိုင်တယ်လို့ လီဗာပူးနည်းက ကလော့ပ်ကချီးကျူးပါတယ်။  ကွင်းလယ် ကစားသမားဖြစ်တဲ့ ဖာဘင်ဟိုဟာ  မာတစ်နဲ့ ဂျိုးဂိုမက်ဇ်တို့ ဒဏ်ရာရနေတာကြောင့် ဗန်ဒိုက်နဲ့အတူ ဗဟိုခံစစ်မှာ ပြောင်းလဲကစားခဲ့ရတာပါ။  ဖာဘင်ဟိုဟာ ချဲလ်ဆီးတိုက်စစ်မှူး တီမိုဝါနာကို ထိန်းချုပ်နိုင်ခဲ့ပြီး တဦးချင်းအနေအထားမှာ အကောင်းဆုံးစွမ်းဆောင်ရည်ပြသနိုင်ခဲ့တယ်လို့ ကလော့ပ်က ချီးကျူးပါတယ်။  တိုက်စစ်မှူး မာနေးသာ သွင်းဂိုး ၂ ဂိုး မရခဲ့ဘူးဆိုရင် ဖာဘင်ဟိုကို အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်လိမ့်မယ်လို့ နည်းပြ ကလော့ပ်ကပြောပါတယ်။  လီဗာပူးအသင်းဟာ ချဲလ်ဆီးကို မာနေးရဲ့သွင်းဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ် ၂ ပွဲဆက် အနိုင်ရလဒ်တွေ ရယူနိုင်ခဲ့ပါတယ်။ 
8 months Ago

February 27, 2020

ပေါစခိုးလ်နှင့်ဗီရွန် ပေါင်းစပ်ထားသည့်ကစားသမားမျိုးဟု ဖာနန်ဒက်စ်ကို ဆိုးလ်ရှား ချီးကျူး

ကစားသမားသစ် ဘရူနိုဖာနန်ဒက်စ်ဟာ တချိန်က ယူနိုက်တက်အသင်းရဲ့ နာမည်ကျော် ကွင်းလယ်ကစားသမားနှစ်ဦးဖြစ်တဲ့ ပေါလ်စခိုးလ်နဲ့ ဂျူအန်စီဘက်စတိန်ဗီရွန်တို့ ပေါင်းစပ်ထားတဲ့ ကစားသမားမျိုး ဖြစ်တယ်လို့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက နှိုင်းယှဉ် ချီးကျူးလိုက်ပါတယ်။ အသက် ၂၅ နှစ်အရွယ်သာ ရှိသေးတဲ့ ဖာနန်ဒက်ဟာ စပို့တင်းလစ္စဘွန်းအသင်းကနေ ယူနိုက်တက်အသင်းကို ပေါင် ၄၇ သန်းနဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ရောက်ရှိလာခဲ့သူ ဖြစ်ပြီး ဝက်ဖို့ဒ်အသင်းကို ၃ ဂိုး ဂိုးမရှိတဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းသစ်အတွက် ပထမဆုံးဂိုးကို ပင်နယ်တီကနေတဆင့် သွင်းယူပေးနိုင်ခဲ့ပါတယ်။  “သူဟာ ပထမဆုံးပွဲစဉ်မှာကတည်းက အသင်းနဲ့ အသားကျနိုင်ခဲ့သူဖြစ်ပြီး ဗီရွန်လို အရည်အချင်းမျိုးနဲ့ ပေါလ်စခိုးလ်ရဲ့ အရည်အသွေးမျိုးကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်” လို့ ဆိုးလ်ရှားက ပြောပါတယ်။ အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်း စခိုးလ်ဟာ ယူနိုက်တက်အသင်းရဲ့ အကယ်ဒမီထွက် ကစားသမားတဦးဖြစ်ပြီး အသင်းအတွက် ပွဲပေါင်း ၇၁၆ ပွဲ ကစားကာ ၁၅၅ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။  ဗီရွန်ကတော့ ၂၀၀၁ ခုနှစ်မှာ ပေါင် ၂၈ သန်းနဲ့ ယူနိုက်တက်အသင်းကို ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းအတွက် ၈၂ ပွဲ ကစားခဲ့ပါတယ်။ ဒီကစားသမားနှစ်ဦးစလုံးဟာ ဆိုးလ်ရှားရဲ့ ၁၁ နှစ်ကြာ ယူနိုက်တက် ကစားသမားဘဝ အတွင်း အတူတွဲဖက်ကစားခဲ့ဖူးသူတွေလည်း ဖြစ်ပါတယ်။  “အသင်း ပရိသတ်တွေဟာ ဒီကစားသမားတွေရဲ့ အမူအကျင့်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ အရည်အသွေးပိုင်းဆိုင်ရာတွေကို ရင်းနှီးထားခဲ့ပြီး ဖြစ်ပါတယ်။ အခုချိန်မှာ ကျနော်တို့ဟာ အသင်းအတွက် ကောင်းမွန်တဲ့ နံပါတ် ၁၀ ကစားသမားတဦးကို ရရှိထားပြီဖြစ်ပြီး ဒါဟာ ကျနော်တို့ လိုအပ်နေတဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတခုလည်း ဖြစ်ပါတယ်။ ဒီနေ့ခေတ်လို ဈေးကွက်မျိုးမှာ ကျနော်တို့ ဒီလိုကစားသမားမျိုးကို ရရှိတာ ထိုက်တန်မှုတခု ဖြစ်ပြီး သူဟာ အသင်းအဖော်အားလုံးကို စိတ်ဓာတ်တက်ကြွစေသူလည်း ဖြစ်ပါတယ်” လို့ ဆိုးလ်ရှားက ကစားသမားသစ်ကို ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။  တနင်္ဂနွေနေ့ နိုင်ပွဲကြောင့် ဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာကို ရောက်ရှိပြီး မန်စီးတီးရဲ့ ချန်ပီယံလိဂ် ပွဲပယ် ပြစ်ဒဏ်သာ အတည်ပြုနိုင်မယ်ဆိုရင် ဒါဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိတ်အေးနိုင်မယ့် အနေအထားလည်း ဖြစ်ပါတယ်။
1 year Ago
Up